ဒီနေ့တော့ ပဟေဠိလေးတစ်ပုဒ်ကို အဖြေညှိကြည့်ကြပါဦးစို့ခင်ဗျာ။
ကိုကိုနဲ့ ညီညီ အမြွာနှစ်ယောက်ရှိပါတယ်။
နှစ်ယောက်လုံး တစ်ချိန်တည်းဘွဲ့ရပြီး အသက် ၂၀ အရွယ်မှာ တစ်ချိန်တည်း အလုပ်ဝင်ကြတယ်။ လစာလည်း တူတူပဲလို့ အလွယ် ယူဆကြပါစို့။
ကိုကိုက ရတဲ့ လစာငွေထဲကနေ တစ်နှစ်ကို ၁၀ သိန်းစုပြီး ဘဏ်မှာ စာရင်းသေ အပ်ထားပါတယ်။ အသက် ၂၀ အရွယ်ကနေ အသက် ၃၀ အရွယ်အထိ ၁၀ နှစ်တိတိ ငွေစုပါတယ်။
ဘဏ်ထဲကို ငွေထည့်တဲ့အခါမှာလည်း တစ်နှစ်တစ်ခါရတဲ့အတိုးကို ထုတ်မသုံးပဲ ငွေရင်းထဲပြန်ထည့်ပြီး ဘဏ်မှာပဲ စုပါတယ်။ တိုးရင်းပေါင်း (နှစ်ထပ်တိုး) သဘောမျိုး စုထားတာပါ။
အသက် ၃၀ အရွယ်လည်း ရောက်ရော လုံးဝထပ်မစုတော့ပါဘူး။ အရင်က ဘဏ်မှာစုထားတဲ့ငွေကိုပဲ ဘဏ်ထဲမှာ ဆက်ထည့်ထားပါတယ်။ နှစ်စဥ် ရတဲ့အတိုးတွေကိုလည်း ဘဏ်မှာပဲ ပြန်အပ်ထားပါတယ်။ ဒီလို ထည့်ထားလိုက်ပြီး အသက် ၅၅ နှစ်ထိ ပြန်မထုတ်ပဲ ထားလိုက်ပါတယ်။
ညီညီကတော့ ဒီလိုမလုပ်ပါဘူး။ အသက် ၂၀ ကနေ ၃၅ နှစ်အထိ ရတဲ့ငွေကို ကုန်အောင် သုံးပစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရောက်မှ ငွေစစုပါတယ်။ အသက် ၃၅ နှစ်ကနေ အသက် ၅၅ နှစ်ထိ တစ်နှစ်ကို ငွေ ၁၀ သိန်း စီ ဘဏ်မှာ စုပါတယ်။ ငွေကို ပြန်မထုတ်ပဲ တိုးရင်းပေါင်းပြီး ပြန်ထည့်ထားပါတယ်။
ပြန်ကြည့်ရအောင်။
ကိုကိုက အသက် ၂၀ အရွယ်ကနေ အသက် ၃၀ အထိ တစ်နှစ် ၁၀ သိန်းစုတယ်ဆိုတော့ ၁၀ နှစ်အကြာ သိန်း ၁၀၀ ငွေရင်းစိုက်ထူထားခဲ့တယ်။ နောက်ပိုင်း ငွေထပ်မစုဖြစ်တော့ပါဘူး။ ဘဏ်ထဲကငွေကို အတိုးရောအရင်းပါ ပြန်မထုတ်ပါဘူး။
ညီညီကတော့ အသက် ၃၅ အရွယ်ကနေ အသက် ၅၅ နှစ်အထိ တစ်နှစ် ၁၀ သိန်းစုတယ်ဆိုတော့ နှစ် ၂၀ အကြာ သိန်း ၂၀၀ ငွေရင်းစိုက်ထူထားခဲ့တယ်။ အတိုးရောအရင်းပါ ပြန်မထုတ်ပါဘူး။
ကိုကို ထည့်ငွေ သိန်း ၁၀၀ (အသက် ၂၀ မှာ ငွေ စ စုတယ်)။ ညီညီ ထည့်ငွေ သိန်း ၂၀၀ (အသက် ၃၅ မှာ ငွေ စ စုတယ်)။ နှစ်တိုင်း ဘဏ်ထဲမှာရှိနေတဲ့ငွေအတွက် ဘဏ်တိုး ပုံမှန်ရနေတယ်။
တွက်ရလွယ်အောင် ဘဏ်အတိုးနှုန်းဟာ တစ်နှစ် ၁၀% မပြောင်းလဲပဲရှိနေတယ်လို့ ယူဆကြပါစို့။
ကိုကိုနဲ့ ညီညီ အသက် ၅၅ နှစ်ပြည့်တဲ့အခါ ဘဏ်မှာ ငွေသွားထုတ်ကြတယ်။ ဘယ်သူ့ ဘဏ်ထဲမှာ ငွေ ပိုများနေမယ်လို့ ထင်ပါသလဲ။ ဘာ့ကြောင့်လဲ။
အသက်ငယ်ငယ်နဲ့ ငွေစစုဖြစ်တဲ့ ကိုကို့မှာ ငွေပိုများနေမလား။ နောက်မှ ငွေစုဖြစ်ပေမဲ့ ငွေ ၂ ဆ စုဖြစ်တဲ့ညီညီ့မှာပဲ ငွေပိုများနေမလား။ စဥ်းစားတွက်ချက်ကြည့်ကြပါဦးခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment