ကျွန်တော်က ငွေကို ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စုဆောင်းထားဖို့၊ ချေးငှါးပြီး နေထိုင်စားသောက်တာမျိုးမလုပ်ဖို့၊ ကြွေးသံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ ရေးတော့ စောဒကတက်ကြတဲ့ စကားတစ်ခွန်းက "ကောင်းတဲ့ အကြွေးတွေလည်း ရှိပါတယ်။ သူဌေးတွေလည်း အကြွေးမကင်းပါဘူး" တဲ့။
မမှားတဲ့ စကားပါ။ ဒါပေမဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာကြောင့် နည်းနည်းရှင်းပြပါရစေ။
အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် အကျိုးရှိပြီး မသုံးတတ်ရင် အန္တရာယ်ရှိပါတယ်။
သူဌေးတွေ အကြွေးရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုးချဲ့ဖို့ ချေးယူထားကြတာပါ။ အကျိုးစီးပွား တိုးတက်ဖို့ ချေးငွေကို အသုံးချပြီး အမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကြတာပါ။ ကောင်းတဲ့အကြွေးဆိုတာ ဒါမျိုးပါ။
အကြွေးမကင်းဘူး ဆိုပေမဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သဘောတရားအရ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အကြွေးတွေထက် အဆပေါင်းများစွာ များနေတာမျိုးပါ။
အကြွေးမကင်းပေမဲ့ သူတို့ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်းတွေ ဖြစ်နေကြတုန်းပါ။
ချေးငွေကိုလည်း အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို အတိုးကြီးကြီးနဲ့ ယူကြတာ မဟုတ်ပါဘူး။ အတိုးသက်သက်သာသာနဲ့ ချေးယူကြတာပါ။
ပြီးတော့ ချေးပေးတဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေကလည်း သူတို့ကို အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ အကျိုးအမြတ် ခန့်မှန်းခြေ ဘယ်လောက်ရှိမယ်၊ ချေးထားတဲ့ငွေကို ဘယ်အချိန်မှာ အပြည့်ပြန်ဆပ်နိုင်မယ် စသဖြင့် သေချာ စီမံကိန်း ချပြရတာပါ။
မရေရာ မသေချာနဲ့ ဆုံးရှုံးနိုင်ခြေများတဲ့ လုပ်ငန်းမျိုးအတွက်ဆို ဘဏ်တွေ အဖွဲ့အစည်းတွေက ငွေမချေးပေးချင်ပါဘူး။
ပြီးတော့ အကြွေးတွေပြန်မဆပ်နိုင်ရင် ပြန်သိမ်းဖို့ အာမခံ ပိုင်ဆိုင်မှု ပစ္စည်းတွေ အပေါင်သဘောမျိုး (အများအားဖြင့်) ထားပေးရပါတယ်။
ဒီတော့ ထပ်ပြောပါရစေ။ သူဌေးတွေ ငွေချေးတာ သူတို့မှာ ငွေမရှိလို့ မဟုတ်ပါဘူး။ တင်နေတဲ့အကြွေးတွေထက် အဆပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီးတော့ အတိုးတွေကလည်း သက်သက်သာသာ အတိုးတွေပါ။ ချေးယူတာကလည်း ပေးနေရတဲ့ အတိုးထက် အဆပေါင်းများစွာ အမြတ်ကျန်နိုင်တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ သေချာ ပြင်ဆင်စီမံတွက်ချက်ပြီးမှ ချေးတာပါ။ အခြေခံ စားဝတ်နေရေးအတွက်၊ ကြွားလုံးထုတ်ဖို့ ဝယ်တဲ့ ပစ္စည်းတွေအတွက် ချေးယူနေကြတာ မဟုတ်ပါဘူး။
ကဲ အကြွေးမကင်းတဲ့ သူဌေးမင်းတွေကို အားကျပြီး တစ်လွဲဆံပင်ကောင်းပြီး လိုက်လုပ်တဲ့သူတွေကို ကြည့်ပါဦး။
"သူဌေးတွေလည်း အကြွေးမကင်းပါဘူး။ ဒီတော့ ကျွန်တော်လည်း အကြွေးနဲ့ ဖုန်းအသစ်လေး ဝယ်လိုက်တယ်လေ။"
ဟုတ်ကဲ့ မွဲဆေးဖော်နေတာပါ။
"အကြွေးဆိုတာ လူနဲ့တည့်တယ်။ ဒါ့ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး အကြွေးနဲ့ ဝယ်ထားလိုက်တယ်လေ။"
"အကြွေးကို ကြောက်နေလို့မဖြစ်ဘူး။ အင်္ကျီအသစ်လေးတွေ ခုယူ စပါးပေါ်မှပေး စနစ်နဲ့ အကြွေးဝယ်ထားလိုက်တယ်လေ။"
ဟုတ်ကဲ့ အကြွေးနဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။
"စွန့်စားမှ ကြီးပွားမယ်။ အကြွေးကို အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ဘဏ်တွေကလည်း ငွေမချေးပေးတော့ ရပ်ကွက်ထဲကနေ ၂၀ တိုးနဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။"
ဟုတ်ကဲ့ လုပ်ငန်းက ထင်သလောက်အဆင်မပြေတဲ့အခါ ကြွေးနွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို သေချာဆွဲပြီး ရလာနိုင်တဲ့ အကျိုးအမြတ်က ပေးရတဲ့အတိုးနဲ့ ကိုက်မကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။
"အကြွေးဆိုတာ အကြွေးကောင်းတွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုးနဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုးနဲ့ တစ်ဆင့်ပြန်ပြီး အတိုးပေးစားတယ်လေ။"
ရပ်ကွက်ထဲမှာ ဒီလောက် အတိုးကြီးကြီးနဲ့ ချေးပေးလိုက်တဲ့အခါ အတိုးပုံမှန်ပြန်ပေးတဲ့သူက ရှားပြီး ထွက်ပြေးတဲ့သူက များပါတယ်။ သူတို့ထွက်ပြေးတော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက်ဦးမယ်။ ကိုယ်ပါထွက်ပြေးရမယ့် အခြေအနေဖြစ်ရဦးမယ်။
ဒီတော့ သူဌေးတွေအကြွေးမကင်းတာကို သွားအားကျမနေကြပါနဲ့။ သူတို့ချေးတာနဲ့ ကိုယ်ချေးတာ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ငွေချေးလိုက်လို့ ရလာနိုင်တဲ့ အကျိုးအမြတ်ရာခိုင်နှုန်း မတူပါဘူး။
မဖြစ်မနေ ငွေချေးရတော့မယ်ဆိုရင်တောင် အတိုးနှုန်းသက်သာတဲ့ နေရာမှာချေးပါ။ ချေးငွေကို ရင်းပြီး လုပ်တဲ့ စီးပွားရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ အမြတ်ရနိုင်ခြေနည်းရင် ငွေမချေးပါနဲ့ဦး။ ပိုကိုက်တဲ့ နောက်လုပ်ငန်းတစ်ခု စဥ်းစားပါ။ ငွေအများကြီး ချေးစရာမလိုအောင် ငွေရှိတဲ့သူတွေနဲ့ ရှယ်ယာသဘော ပေါင်းလုပ်ပါ။
အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Saturday, October 31, 2020
အကြွေးမကင်းတဲ့ သူဌေးမင်း
ငွေလာချေးတဲ့အခါ
ချွေတာစုဆောင်းရင်း ငွေလေးစုမိပြီး ချောင်လည်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ကိုယ့်ဆီ ငွေလာချေးကြတဲ့ ကိစ္စပါ။ အားနာပြီး ငွေချေးလိုက်မိတယ်။ ပြီးရင် ပေးထားတဲ့ ကတိအတိုင်း လာမဆပ်ကြတော့ တောင်းရမှာ ထပ်ပြီး အားနာနေမိပြန်ရော။ အားမနာ ပါးမနာ ပြန်တောင်းတဲ့အခါမှာလည်း အချင်းချင်း အမုန်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ "ကြွေးယူပြုံးပြုံး တောင်းတော့မုန်း" ဆိုသလိုပေါ့။
ငွေလာချေးတဲ့ကြသူတွေထဲမှာ ကတိတည်ပြီး သေချာပြန်ဆပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်က အတိုးမယူပဲ စေတနာနဲ့ ချေးတာ ဆိုပါစို့။ မိတ်ဆွေ ၅ ယောက်ကို တစ်ယောက်ကို ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ငွေဆုံးတယ်။ ဒါဆိုရင် ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မခေါ်မပြောပြန်ရင်လည်း မိတ်ဆွေတစ်ယောက် ဆုံးပြီ။
ကတိတည်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေတောင် တစ်ကယ်ကြပ်တည်းနေတဲ့အခါ ကတိပျက်တတ်ကြပါတယ်။ ငွေချေးပေးလိုက်တဲ့အခါ ငွေကိုရော မိတ်ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။
ဒီတော့ ငွေလာချေးကြတဲ့အခါ ငြင်းပုံငြင်းနည်းလေးတွေ ပြောပြပါရစေ။ မုသားပြောရာလည်း မရောက်အောင် ကိုယ့်ဘဝအခြေအနေနဲ့ သင့်တော်တဲ့ ငြင်းနည်းကို ယူသုံးပါခင်ဗျာ။
(၁) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်တော့တဲ့အကြောင်း ပြောပါ။ ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့) ခင်ပွန်းက ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့ ပြောလည်းရပါတယ်။ ငွေချေးလိုက်တာဟာ နောင်တစ်ချိန်မှာ မိတ်ဆွေအချင်းချင်း၊ ဆွေမျိုးအချင်းချင်း အမုန်ပွားစရာတွေဖြစ်တတ်တဲ့အတွက် ငွေချေးတဲ့အလုပ်ကို မလုပ်တော့ ကြောင်း ပြောလို့လည်း ရပါတယ်။ ခုနောက်ပိုင်း ဘယ်သူလာချေးချေး ငြင်းလွှတ်တယ်လို့ ပြောပါ။
(၂) ငွေတွေ လုပ်ငန်းထဲ မြုပ်နေလို့ လက်ထဲမှာ ငွေမရှိကြောင်းပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး ပြဿနာတွေ အကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။
(၃) မိမိ ငွေမကိုင်ကြောင်း၊ သုံးဖို့ စွဲဖို့ ငွေနည်းနည်းပဲ လက်ထဲမှာ ရှိကြောင်း၊ ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်ကြောင်း ပြောပြီး ငြင်းလို့လည်း ရပါတယ်။
(၄) လာချေးတဲ့သူဟာ အရင်က ချေးထားဖူးပြီး ပြန်မဆပ်ဖူးတဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ အရင်က အကြွေးကို ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ အကြွေးဟောင်း မကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ပြောပါ။
(၅) အလိမ်ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်တဲ့သူတွေရှိပါတယ်။ ဥပမာ အမေဆေးရုံတတ်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်ကြောင်းကို စုံစမ်းဖို့လိုပါတယ်။ သူပြောနေတာတွေဟာ အမှန်တွေ ဟုတ်မဟုတ် တစ်နည်းနည်းနဲ့ စုံစမ်းပါ။ ဖုန်းနံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်နေတာဆိုရင် ငြင်းလို့ရပါပြီ။ ဒီတော့ ငွေမချေးခင် ဘာလို့ငွေချေးချင်တာလဲ မေးပါ။ လိမ်နေတာ ဟုတ်မဟုတ် စုံစမ်းပါ။
ဒါပေမဲ့ ငြင်းလို့ မကောင်းတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ ကိုယ့်အပေါ် ကျေးဇူးရှိထားဖူးသူတွေ၊ အမှန်တကယ် ဒုက္ခရောက်နေသူတွေပေါ့။ ဒီလို လူမျိုးတွေအတွက်တော့ ကူညီဖို့ နည်း နှစ်နည်းရှိပါတယ်။
(က) ငွေချေးပေးလိုက်မိတာ ပြန်မရပဲ ဆုံးတာတွေများလို့ ခုနောက်ပိုင်း ငွေမချေးတော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်ကြောင်း ပြောပါ။ သူတောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို လှူဒါန်းကူညီ ကုသိုလ်ယူလိုက်ပါ။ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးတာဟာ မိတ်ဆွေကောင်း၊ ဆွေမျိုးကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မို့ တတ်နိုင်သလောက် ကူညီတတ်တာ ကောင်းပါတယ်။
(ခ) ကိုယ်အဆုံးရှုံးခံနိုင်တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (ပြန်မရလည်း စိတ်မညစ်ရတဲ့ ငွေပမာဏ တစ်ခုပေါ့။) အပေါ်မှာ ပြောထားတဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက ကိုယ်နဲ့သင့်တော်ရာ တစ်ချက်ချက်နဲ့ အကြောင်းပြပြီး ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။
ချေးတဲ့ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သဘောပါပဲ။ ဒီလူဟာ ဒီငွေကို ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေးရဲတော့ဖို့ များပါတယ်။ အရင်ကချေးထားတာကို ပြန်မဆပ်ပဲ မျက်နှာပြောင်တိုက်ပြီး လာထပ်ချေးရင်တော့ အရင်က အကြွေးဟောင်းအကြောင်း အစဖော်ပြီး ငြင်းလို့ရပါပြီ။
မိတ်ဆွေအပေါင်းအသင်းတွေက အတိုးနဲ့ ငွေချေးချင်တဲ့အခါမှာတော့ ငြင်းရခက်ပါပြီ။ အတိုးလေးကလည်း လိုချင်တာကိုး။ လောဘတွေပါလာပြီ။ မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။ မဆုံးသင့်တာ မဆုံးရအောင် အတိုးနဲ့ ငွေမချေးပေးခင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ရေးပေးပါဦးမယ်ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
အကြွေးထူတဲ့ သီရိလင်္ကာ
ဝင်ငွေထက် ထွက်ငွေက များတဲ့အခါ အကြွေးတင်လာတတ်ပါတယ်။ အကြွေးနည်းနည်းလေးကနေ အတိုးတွေတက်၊ ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ငွေ ထပ်လို၊ ထပ်လိုလို့ ထပ်ချေးနဲ့ ကြွေးသံသရာထဲ ရောက်သွားရင် ပြန်ထွက်ရခက်ပါတယ်။ နောက်ဆုံးမှာ ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို အောက်ဈေးနဲ့ ထိုးရောင်းပြီး အကြွေးပူတွေကို ဆပ်ရတဲ့ထိ ဖြစ်တတ်ပါတယ်။
ဒီလိုဘဝမျိုး ရောက်ခဲ့ရတဲ့ နိုင်ငံကတော့ သီရိလင်္ကာ နိုင်ငံပါပဲ။
သီရိလင်္ကာနိုင်ငံဟာ မြန်မာပြည်သားတွေနဲ့ မစိမ်းလှပါဘူး။ ထေရဝါဒအထွန်းကားဆုံး နိုင်ငံ ၅ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓစာပေတွေမှာ သီရိလင်္ကာနိုင်ငံရဲ့ လွှမ်းမိုးမှုတွေ မကင်းပါဘူး။
သီရိလင်္ကာနိုင်ငံဟာ နိုင်ငံတော်အသုံးစရိတ်က နိုင်ငံတော်ဝင်ငွေထက်များလို့ နိုင်ငံတကာက ချေးငွေတွေယူရင်း အကြွေးထူပါတယ်။
ဒီလိုအကြွေးထူနေတဲ့ကြားက တရုတ်နိုင်ငံက ချေးငွေချေးပေးမယ်ဆိုလို့ လွယ်လွယ်ရတာနဲ့ ဟမ်ဘန်တိုတာဒေသမှာ ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခုနဲ့ လေယာဉ်ကွင်းတစ်ခုကို ဆောက်လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ချေးငွေတွေဟာ အများအားဖြင့် နိုင်ငံတကာက ချေးငွေတွေထက် ပိုပြီး အတိုးများလေ့ရှိပါတယ်။
တရုတ်နိုင်ငံရဲ့ "ခါးပတ်တစ်ခု လမ်းတစ်ခု စီမံကိန်း"ဟာ ကမ္ဘာ့အချက်အချာကျတဲ့ နေရာဒေသတွေမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦး၊ လမ်းတံတား၊ ဆိပ်ကမ်းတွေကို ဖွံ့ဖြိုးအောင် ကူညီပေးပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုးချဲ့ဖို့ ရည်ရွယ်တဲ့ စီမံကိန်းပါ။
သီရိလင်္ကာနိုင်ငံဟာ ဒီအကြွေးတွေ မယူခင်ကတည်းက နိုင်ငံတကာအကြွေးတွေနဲ့ ခေါင်းစားနေခဲ့ရတာပါ။ အကြွေးတွေ ထပ်မယူခင် ရေရှည်ပြန်ဆပ်နိုင်ပါ့မလားလို့ သေချာ စဥ်းစားခဲ့သင့်တာပါ။
"အစိုးရဖြစ်နေတုန်း အာဏာရှိတုန်း ချေးထည့်လိုက်မယ်။ သုံးပစ်လိုက်မယ်။ အကြွေးပြဿနာကို နောင်ခါလာ နောင်ခါဈေး နောင်တက်လာတဲ့အစိုးရ ဖြေရှင်းလိမ့်မယ်" ဆိုတဲ့အတွေးဟာ စက်ဆုပ်စရာ အတွေးပါ။ အနာဂတ်ကနေ ချေးသုံးနေတာပါ။ ဘယ်သူတွေ ပြန်ဆပ်ရမှာလဲ။ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေပါ။ သနားစရာကလေးတွေခမျာ မမွေးခင်ကတည်းက အကြွေးတင်နေရတဲ့ အဖြစ်ပါ။
ခုတော့ ချေးထားတဲ့အကြွေးတွေက ပူနေပြီ။ တရုတ်နိုင်ငံနဲ့တစ်ကွ နိုင်ငံတကာကို အရစ်ကျပြန်ဆပ်ဖို့ ငွေအလုံအလောက်မရှိဘူး။ အကြပ်တွေ့ရပါပြီ။
ကြွေးပူတွေနဲ့ ရင်ဆိုင်နေရတုန်းမှာ ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ ကယ်တင်ရှင်ကတော့ တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီတစ်ခုပါပဲ။ တရုတ်နိုင်ငံက ချေးငွေနဲ့ ဆောက်ထားတဲ့ ဟမ်ဘန်တိုတာ စီမံကိန်း ဆိပ်ကမ်းရဲ့ ၇၀% ကို တရုတ်ကုမ္ပဏီကို ၉၉ နှစ် နှစ်ရှည်ငှါးရမယ်။ တရုတ်နိုင်ငံဘက်က သီရိလင်္ကာကို ငှါးရမ်းခ ဒေါ်လာ ၁.၁၂ ဘီလီယံပေးမယ်။ စီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ ၇၀% ကို တရုတ်နိုင်ငံက ယူမယ်ပေါ့။
(၉၉ နှစ်ဆိုတာ အချိန်အကြာကြီးပါ။ သီပေါမင်းပါတော်မူတာနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာနဲ့ကြားမှာ နှစ်ပေါင်း ၆၀ ကျော်လောက် ကြာပါတယ်။)
ကြွေးပူမိနေတဲ့ သီရိလင်္ကာနိုင်ငံဟာ သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် ဒေသတစ်ခုမှာ ၉၉ နှစ်ကြာ စီးပွားရေးအရ ခြယ်လှယ်ခံရတော့မှာကို မတွေးအားတော့ပါဘူး။ ကြွေးပူတွေရှိနေပြီလေ။
ဒီလိုနဲ့ အနာဂတ်မှာ အချက်အချာကျလာနိုင်တဲ့ သီရိလင်္ကာနိုင်ငံ ပင်လယ်ဆိပ်ကမ်းဒေသတစ်ခုရဲ့ ၇၀% ဟာ တရုတ်နိုင်ငံရဲ့ လက်ထဲကို ၉၉ နှစ်တိတိ ရောက်သွားပါတော့တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံကချေးယူထားတဲ့အကြွေးတွေကိုလည်း ဆက်ပြီး ဆပ်နေရဦးမှာပါ။ ၃၀% ပဲပိုင်တော့တဲ့ နေရာအတွက် ဆောက်လုပ်ရေး အကြွေးတွေကတော့ မကျေသေးပါဘူး။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ဒီဘက်ခေတ်မှာ လက်နက်တွေသုံးပြီး နယ်ချဲ့တဲ့အလုပ် သိပ်မလုပ်ကြတော့ပါဘူး။ စစ်ဖြစ်ရင် ငွေကုန်တယ်၊ အသေအပျောက်များတယ်လေ။ စစ်ပွဲတွေကြောင့်ပဲ နောက်ဆုံးမှာ ဗြိတိသျှအင်ပါယာကြီး ပြိုလဲခဲ့ရတယ်။
ဒီတော့ စစ်မတိုက်ရပါပဲ ငွေနဲ့တိုက်တဲ့အလုပ်က ပိုပြီး တွက်ချေကိုက်ပါတယ်။ အတိုးကြီးကြီးနဲ့ ချေးငွေတွေပေးထားမယ်။ အဲဒီအကြွေးတွေကို ပြန်မဆပ်နိုင်ပဲ နိုင်ငံ ကျဥ်းထဲကြပ်ထဲရောက်နေတဲ့အချိန် နိုင်ငံတွင်းက စီးပွားရေး အချက်အချာကျတဲ့ လုပ်ကွက်တွေကို ငွေပေးပြီး နှစ်ရှည်ငှါးဖို့ ကြိုးစားမယ်။
ပြန်တွေးကြည့်ရင် ဟိုခေတ်ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲကလို ကြွေနွံထဲနစ်နေတဲ့ ဆင်းရဲသားလင်မယားကို တိုင်းတစ်ပါးသား သူဌေးတစ်ယောက်က ကူညီသလိုနဲ့ အကြွေးတွေဝိုင်းဆပ်ပေးပြီး သမီးကညာကို သိမ်းပိုက်လိုက်သလိုပါပဲ။
သီရိလင်္ကာ နိုင်ငံကနေ သင်ခန်းစာယူကြပါစို့။ လွယ်လွယ်နဲ့ ချေးလို့ရတိုင်း မချေးကြပါနဲ့။ အဲဒီ ငါးစာရဲ့နောက်ကွယ်မှာ ငါးမျှားချိတ်အကြီးကြီး ရှိနေတတ်ပါတယ်။
အကြွေးဆိုတာ ခေတ်သစ်ကျွန်ပြုနည်းတစ်ခုပါပဲ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
အကြွေးနောင်တ
မိအေးတစ်ယောက် ကြွေးပူတွေကြောင့် အကြံအိုက်နေရပါပြီ။ ယောကျ်ားပေးတဲ့ ပိုက်ဆံနဲ့ စားဖို့သောက်ဖို့ မလောက်လို့ ဟိုက နည်းနည်းချေး ဒီက နည်းနည်းချေးနဲ့ အတိုးပေါ်အတိုးဆင့်ပြီး ကြွေးနည်းနည်းလေးကနေ အများကြီး ဖြစ်လာပါပြီ။ ပြန်ဆပ်ဖို့ ငွေက အလုံအလောက်မရှိ။
အမှန်ကတော့ သေချာပြန်တွေးကြည့်ရင် အဖြုန်းတွေကိုလျှော့ပြီး ချွေတာစားရင် လောက်ပါတယ်။ အကြွေးမတင်အောင် နေလို့ရပါတယ်။ ခုဟာက မချွေတာတဲ့အပြင် နှစ်လုံး သုံးလုံးထိုးတာတွေကြောင့်လည်း ပိုဆိုးသွားတာပါ။
ကြွေးပူတွေကို အမြန်ဆပ်ဖို့ နည်းလမ်းကလည်း မမြင်။
"ငွေမျောငွေနဲ့လိုက်" ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။ ဒီတော့ မျောသွားတဲ့ငွေတွေ ပြန်ရအောင် ငွေနဲ့ပဲလိုက်ရမယ်လေ။ အခြားနည်းလည်း မမြင်တာမို့ နှစ်လုံးထီကိုပဲ အောပြီး ထိုးရတော့တာပေါ့။ မနေ့ညကပဲ ပေါက်ဂဏန်းကို ကွက်ကွက်ကွင်းကွင်းကြီး အိပ်မက်မက်ထားတာ။
ဟော နှစ်လုံးထီ ထွက်တော့မယ်။ ရင်တွေတောင် ခုန်နေပါပြီ။ ပေါက်မှကို ဖြစ်မှာ။ မပေါက်ရင် သွားပြီ။ ဒိုင်ကို ငွေမရှင်းရသေးဘူး။ ကြွေးတွေအားလုံး ကျေချင်တော့လည်း ဒီတစ်ခေါက် တော်တော်ကြီးကို ထိုးလိုက်မိတယ်။
ထွက်ပါပြီ။ ဟယ် တစ်လုံးတည်း ကပ်လွဲသွားတာ ရင်နာလိုက်တာ။
ဒါမှ ဒုက္ခပဲ။ ကြွေးပူရှင်းချင်လို့ နှစ်လုံးထီထိုးလိုက်တာ ခုတော့ ဒိုင်ကိုပေးဖို့ နှစ်လုံးထီ အကြွေးပါထပ်တင်နေပြီ။
ကြွေးပူတွေကြောင့် ရပ်ကွက်ထဲမှာ ထပ်ချေးလို့မရတော့ လိုင်းပေါ်မှာ ရှာချေးရပြီပေါ့။ လိုင်းပေါ်က ငွေချေးလုပ်ငန်းက သဘောကောင်းတယ်။ သိပ်တောင်မကြာဘူး။ ချေးငွေ ချပေးဖို့ ခွင့်ပြုချက်ကျပါပြီတဲ့။ အာမခံကြေး ဝေ့မန်းနီးကနေ အရင်လွှဲပေးပါတဲ့။
"ထောင်မြင် ရာစွန့်" ဆိုတဲ့ စကားလည်း ရှိတာပဲလေ။ ချေးငွေရဖို့ အရေးကြီးတယ်။ ရှိစုမဲ့စုငွေလေးကိုအာမခံကြေး အရင်သွင်းလိုက်တယ်။ ငွေသွင်းပြီးတော့ ချေးငွေကို မက်စင်ဂျာကနေ သွားတောင်းတော့ ဟိုနေ့ရမယ် ဒီနေ့ရမယ် ရက်တွေချိန်းပြီး မကြာခင်မှာပဲ သူ့ကို ဘလော့ခ်သွားတယ်။ အာမခံကြေးလေးတောင် ပလုံသွားပြီ။ "ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ" ဆိုသလိုပါပဲ။ လုပ်ရက်လိုက်ကြတာ။
အကြွေးတွေကလည်း တော်တော်ပူလာပြီ။ လိုင်းပေါ်မှာလည်း အလိမ်တွေပေါလို့ မချေးရဲတော့ဘူး။ ကြံရာမရ ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဘဝတူ မိတ်ဆွေ တစ်ယောက်က လမ်းညွှန်လို့ လိုင်းပေါ်ကပဲ ထပ်ချေးဖို့ လုပ်ပြန်ပါတယ်။
ဒီတစ်ခါတော့ အာမခံကြေးတွေ ဘာတွေ အရင်သွင်းစရာမလိုပါဘူး။ မက်စင်ဂျာကနေ ဗီဒီယိုဖုန်းခေါ်ပြီး သက်သေအနေနဲ့ ရုပ်ရောအသံကိုပါ record လုပ်ထားလိုက်ပါသတဲ့။ မှတ်ပုံတင်နဲ့ အခြားစာရွက်စာတန်းတွေ ဓာတ်ပုံရိုက်ပြီး ပို့ပေးရတယ်။
၁၀ ရက် တစ်ကြိမ် ၁၀ တိုးတဲ့။ တစ်လ ၃၀ တိုးပေါ့။ လစဥ်တိုးလည်း မဟုတ်ပါဘူး။ နေ့ပြန်တိုးသဘောမျိုး အရစ်ကျ ပြန်သွင်းရတာပါ။ (လူတွေကို ဘဝပျက်စေတဲ့ တရားမဝင်လုပ်စားနေတဲ့ နေ့ပြန်တိုး အတိုးကြီး အမြတ်ကြီးစား ငွေချေးလုပ်ငန်းတွေပါ။ သက်ဆိုင်ရာက ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုနေပါပြီ။)
အကြွေးတွေ ပြန်မဆပ်နိုင်ရင် ဗီဒီယိုဖိုင်တွေ၊ မှတ်ပုံတင်တွေနဲ့ လိုင်းပေါ်တင်ပြီး အရှက်ခွဲမယ်တဲ့။
မတတ်နိုင်ဘူး။ "နောင်ခါလာ နောင်ခါဈေး" ပဲ။ လတ်တလော ကြွေးပူတွေ ဆပ်နိုင်ဖို့ က အရေးကြီးတယ်လေ။
ဒီလို နေ့ပြန်တိုး အရစ်ကျတွေအတွက် ပေးဖို့ ငွေလိုရင် ဒီလိုမျိုး ဆင်တူ အခြားအဖွဲ့တွေဆီကနေ ထပ်ချေးရင်း အကြွေး ၁၀ သိန်းကနေ မကြာခင်မှာ သိန်း ၃၀ လောက်ထိ ဖြစ်သွားပါတော့တယ်။
မိအေးလို ဘဝတူတွေလည်း ရှိပါတယ်။ ကြွေးပူတွေကို ဖြေရှင်းဖို့ ဒီလို ကျိတ်လုပ်ကြတဲ့ထဲမှာ ပညာတတ် တက္ကသိုလ် ဆရာ ဆရာမတွေပါ ပါတယ်ဆိုပဲ။ နောက်ဆုံး မနိုင်ဝန်တွေဖြစ်လာတော့မှ ပြန်မဆပ်ပဲ ထွက်ပြေးတဲ့သူတွေကလည်း ထွက်ပြေးကြပါတယ်။ အရှက်ကွဲမခံနိုင်လို့ အသက်ကို စတေးသွားခဲ့တဲ့ သူတွေရှိပါတယ်။ စာချုပ်စာတန်း အခိုင်အမာနဲ့ ချုပ်ထားမိလို့ တရားစွဲခံရတဲ့သူတွေလည်း ရှိပါတယ်။ ဒီလို ဘဝပျက်နေတဲ့သူတွေ အတော်များပါတယ်။
မိအေးလည်း တစ်ယောက်တည်း ဖုံးဖိပြီး လုပ်နေရာက ကြံရာမရတော့ သူ့ယောကျ်ားကို အားလုံးဖွင့်ပြောပြီး ငိုချင်းချပါပြီ။ အစကတည်းက နှစ်လုံးထီမထိုးခင်၊ လိုင်းပေါ်မှာ မချေးခင်လောက်က ယောကျ်ားကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရင် ရှိတဲ့ ဆိုင်ကယ်လေးရောင်းပြီး ဆပ်လိုက်ရင် အကြွေးအားလုံး ကျေတာပေါ့။
ဒါပေမဲ့ မပြောရဲလို့တဲ့။ ကျိတ်လုပ်တာ။ ခုတော့ ဆိုင်ကယ်ရောင်းလိုက်ပြီးတာတောင် အကြွေးတွေအများကြီးကျန်သေးတာ။ အကြွေးတွေအားလုံးကျေအောင် အိမ်ဝိုင်းလေးကို ရရာဈေးနဲ့ ထိုးရောင်းဖို့ လုပ်ရပါပြီ။
"နောက်တစ်ခါဆို လင်မယားအကွဲပဲ" လို့ ယောကျ်ားက ရာဇသံပေးပါပြီ။
မိအေးအနေနဲ့ ဒါတွေကို သင်ခန်းစာယူပြီး ပြုပြင်သွားရင်တော့ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပေါ့။ ဒီလိုမှမဟုတ်ပဲ "ပိုးဖလံမျိုး မီးကိုတိုး" ဆိုသလို ကြွေးသံသရာထဲ ထပ်ဆင်းရင်တော့ နောက်တစ်ခါဆို ရောင်းစရာ ဆိုင်ကယ်လည်း မရှိတော့သလို အိမ်ဝိုင်းလေးလည်းမရှိတော့ပါဘူး။ ယောကျ်ားကလည်း ဘေးမှာ ရှိချင်မှရှိတော့မှာ။
ဆင်ခြင်ကြပါ။ လိမ္မာကြပါ။ ဒီလို အဖြစ်မျိုးတွေ အဖြစ်မခံကြပါနဲ့။
(ကာယကံရှင်က အားလုံး သင်ခန်းစာယူလို့ရအောင်ရယ်၊ နိုင်ငံတော်က သိအောင်ရယ် ရေးတင်ပေးပါဆိုလို့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး နှစ်ပုဒ်ကို တစ်ပုဒ်ပေါင်းပြီး ကွန့်ရေးထားပါတယ်။ နာမည်ကိုလည်း လွှဲပြောင်းထားပါတယ်။)
လူသား အားလုံး ကြွေးသံသရာကနေ လွတ်မြောက်နိုင်ကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...