လူတိုင်းကြားဖူးတဲ့ စကားပုံလေးပါ။
ကျွန်တော်တို့ဟာ ဒီစကားပုံကို အပျော် အပြောင်အပြက် သဘောနဲ့သာ သုံးလေ့ရှိကြပြီး အဓိပ္ပာယ်ကို သေချာ နားလည်၊ သင်ခန်းစာယူပြီး ကျင့်သုံးတဲ့သူ အတော်ရှားပါတယ်။
#တရုတ်လိုရှာ
တရုတ်လူမျိုးတွေဟာ ငွေရှာတော်ကြပါတယ်။ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ တရုတ်ပြည်မကနေ အရှေ့တောင် အာရှနဲ့ ကမ္ဘာတစ်လွှားမှာ အခြေချခဲ့ကြပါတယ်။ အများစုဟာ ပြည်မမှာ ဆင်းရဲလွန်းလို့ ရေကြည်ရာ မြက်နုရာ စွန့်စား လာခဲ့ကြတာပါ။ ရောက်တဲ့ နေရာမှာလည်း ကိုယ်ပိုင် လုပ်ငန်းလေးတွေ တည်ထောင်လုပ်ကိုင်ကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေပါပဲ။
တစ်မြို့တစ်ရွာမှာ လာအခြေချတော့ အဲဒီမြို့ရဲ့ အခြေအနေကို လေ့လာသုံးသပ်ပြီး (သူတို့ ထွက်ခွာလာခဲ့တဲ့ ဒေသက လုပ်ငန်းတွေနဲ့ ချိန်ထိုးပြီး) ဘယ်လုပ်ငန်းတွေကို လုပ်ရင် အကျိုးအမြတ်ရှိမလဲ ချိန်ဆနိုင်သူတွေပါ။ ငွေရှာဖို့ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခု လုပ်ကြတာကို ကျွန်တော်တို့ မြန်မာတွေ တွေ့ပြီး "တရုတ် လိုရှာ" လို့ပြောခဲ့တာပါ။
#အရာလိုစု
အရာကြီးတွေဟာ အရမ်းချွေတာတတ်ကြတယ်။ ငွေစုတာ တော်ကြတယ်လို့ ကျွန်တော်တို့ သိထားကြပါတယ်။
စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတာက ကိုလိုနီခေတ်က မြန်မာပြည်မှာ အလုပ်လာလုပ်ကြတဲ့ အိန္ဒိယနွယ်ဖွား အရာကြီးတို့ဟာ တော်တော်ချွေတာကြတယ်။ ထမင်းကို ဟင်းမရှိရင်တောင် ငရုတ်သီးတောင့်ကို ဆားနဲ့ အားရပါးရ စားတတ်ကြပါသတဲ့။ ဝင်ငွေကို စုပြီး မွေးရပ်မြေကို ပြန်ပို့ပါ သတဲ့။
#ဗမာလိုမဖြုန်းနဲ့
ကဲ ရှေးဗမာ လူကြီးတွေကတော့ တရုတ် ပေါက်ဖော် စိန့်တိုင်းသားတွေရဲ့ ငွေရှာ တတ်ပုံ နဲ့ အိန္ဒိယနွယ်ဖွားအရာကြီးတို့ရဲ့ ငွေစု တတ်ပုံ တို့ကို ချီးကျူးပြီး သကာလ ...
ကိုယ့်ပေါင်ကိုယ် နာနာကြီး လှန်ထောင်းပါတော့တယ်။
ဗမာလို မဖြုန်းနဲ့ ... တဲ့။
ဒီစကားပုံက ကြာခဲ့ပြီဆိုတော့ ဟိုး အရင် ခေတ်တွေထဲက ကျွန်တော်တို့ ဗမာတွေ ဖြုန်းခဲ့ကြဟန်တူပါတယ်။
စဉ်းစား မြင်ယောင် စိတ်ကူး ကြည့်ရအောင်။ လွန်ခဲ့တဲ့ ၁၉၂၀ ဝန်းကျင် ကိုလိုနီ ခေတ် ပေါ့ ခင်ဗျာ။ ဒီနှစ်တော့ စပါး အထွက်တိုး စပါးဈေးကောင်းလို့ လယ်သမားတွေ ငွေရွှင်တယ် ဆိုကြပါစို့။ ဘာလုပ်ကြလဲ။ ဟုတ်ကဲ့ "ဆီကို ရေချိုးပြီး ဆေးရိုးမီးလှုံ" ကြပါတယ်။ တစ်ရွာလုံး မီးခိုးတိတ် အလှူပေး ကျွေးမွေးမယ်၊ ဝက်သားတုံးကြီးတွေက လက်သီးဆုပ် လောက်ရှိမယ်ပေါ့ဗျာ။ ဘုရားပွဲမှာ ဈေးအကြီးဆုံး အငြိမ့်ကို ငှားမယ်။ ပျော်ပွဲရွှင်ပွဲ တွေ ခြိမ့်ခြိမ့်သဲသဲ လုပ်ကြမယ်ပေါ့။ အတိဿယဝုတ္တိ အလင်္ကာ ဆိုပေမယ့် အဖြစ်မှန်ပေါ် အခြေခံတယ် လို့ပဲ ထင်ပါတယ်။
သဒ္ဓါတရား ထက်သန်ကြတာကောင်းပေမယ့် နောင်ရေးကို ကြည့်ဖို့တော့ အားနည်းခဲ့ကြပါတယ်။ "နောက်နှစ် စပါးစိုက်ရင် ငွေကုန်မယ်၊ ကုန်ကျမယ့်ငွေကို ကြိုစုထား ဦးမှ" လို့တွေးတဲ့သူ ရှားပါလိမ့်မယ်။ အများစုကတော့ "အို ဘာလို့ စုဆောင်းရမှာလဲ၊ မလိုပါဘူး။ နောက်နှစ် စပါးပေါ်ရင် ငွေထပ်ရဦးမှာပဲ။ ငွေ မစုထားလဲ ဘာဖြစ်လဲ။ ချစ်တီးတွေ ဆီမှာ လယ်ပေါင်ချေး၊ စပါးပေါ်မှ ပြန်ပေးမှာပေါ့" ဆိုပြီး ချစ်တီးတွေဆီက ချေးပါတယ်။
ချစ်တီးတွေက လယ်ပေါင်ရင် တစ်နှစ်ကို အတိုး ၉% နဲ့ ၁၅% ကြား။ အလွတ်တိုးက တစ်နှစ်ကို ၁၈% နဲ့ ၂၄% ကြား ယူပါတယ်။ (တစ်နှစ်စာ အတိုးပါ။ လတိုး မဟုတ်ပါဘူး။ လက်ရှိ မြန်မာ အချင်းချင်း ချေးနေတဲ့ အတိုးနှုန်း ထက်တောင် အများကြီး သက်သာပါသေးတယ်။)
တစ်နှစ်တစ်ခါ စပါးပေါ်လို့ ငွေရရင် ကိုချစ်တီးတွေကို လုပ်ကျွေးလိုက်၊ ကျန်တာကို သုံးဖြုန်းလိုက်နဲ့ လည်ပတ်နေတာပေါ့။ ဒီလိုနဲ့ ၁၉၃၀ ခုနှစ်တွေမှာ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်ပါလေရော။
ဒီ စီးပွားပျက်ကပ်ကြောင့် မြန်မာပြည်ရဲ့ ဆန်ဈေးကွက်လည်း ပျက်ပါတယ်။ ဝယ်နေကျ နိုင်ငံတွေက မဝယ်နိုင်တော့ လို့ပါ။ ဒီတော့ ဆန်ဈေးတွေ ထိုးကျပြီး လယ်သမားတွေ ချစ်တီးတွေဆီက ချေးထားတာတွေ ပြန်မဆပ်နိုင်ကြတော့ပါဘူး။ ဒီတော့ ချစ်တီးတွေက လယ်တွေသိမ်းပါတယ်။ လက်ရှိခေတ် အိမ်ပေါင်ထားတာကို အချိန်စေ့လို့ ပြန်မဆပ်နိုင်ရင် ကြွေးရှင်တွေက အိမ်သိမ်းသလိုပါပဲ။ နောက်ဆုံးတော့ လယ်သမားတွေရဲ့ ဒေါသ မီး တွေကြားမှာ ချစ်တီးတွေလည်း မြန်မာ့သမိုင်းရဲ့ လူကြမ်းကြီးတွေ ဖြစ်ခဲ့ရပါတယ်။
ခုထိလည်း တော်လှန်ရေးဇာတ်ကား တွေမှာ ချစ်တီးတွေရဲ့ ဆိုးရွား အမြတ်ကြီးစားပုံ၊ ကျွန်တော်တို့ မြန်မာတွေရဲ့ သနားစရာ ခေါင်းပုံဖြတ်ခံရပုံတွေကို တွေ့ရဦးမှာပါ။ ဒါတွေကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ်။ ကိုလိုနီခေတ်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် သိပ်မရခဲ့ကြပါဘူး။ ပညာကောင်းကောင်း မသင်ခဲ့ရဘူး။ ငွေရေးကြေးရေး ပညာကို မတတ်ဘူး။ တောင်သူလယ်သမားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ငွေရှင်ကြေးရှင် လုပ်ငန်းရှင်တွေလည်း ရှိခဲ့လိမ့်မယ်။
တိုင်းရင်းသား ၈ မျိုးမှာ နှစ်မျိုးစပ်တဲ့ မြန်မာစစ်စစ်ကြီး ကျွန်တော်ကတော့ ကိုယ့်ပေါင်ကိုယ် ထပ်လှန်ပြီး ထောင်းချင်ပါသေးတယ်။ ကျွန်တော်တို့တွေသာ အသုံး အဖြုန်းလျှော့ပြီး စပါးအထွက်တိုး ဈေးကောင်းတဲ့နှစ်တွေမှာ ငွေစုထားနိုင်ခဲ့ရင် ချစ်တီးတွေဆီက ငွေချေးစရာ မလိုတော့ဘူးပေါ့။ ငွေချေးစရာမလိုရင် သူတို့လည်း လယ်တွေ သိမ်းစရာ မလိုတော့ဘူးပေါ့။ စပါး ဈေးပျက်တဲ့နှစ်တွေ၊ အထွက်နှုန်း မကောင်းတဲ့နှစ်တွေမှာ အရင်က စုဆောင်းထားတဲ့ ငွေတွေရှိရင် ခုသာခံသာရှိမှာပေါ့။
လယ်ပေါင်တယ်ဆိုတာ လယ်ပိုင်လို့ပါ။ လယ်ပိုင်ရှင်တွေပေါ့။ သူတို့တွေက အစ ဒီလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ်။ ကိုလိုနီခေတ်ရဲ့ စနစ်ဆိုးတွေ၊ ချစ်တီးတွေ အရင်းရှင်တွေ အမြတ်ထုတ်တာတွေကတော့ ကျွန်တော်တို့ အကြိမ်ကြိမ် ကြားခဲ့ရဖူးပါပြီ။ မှန်သင့်သလောက်မှန်ပါတယ်။ ငွေရေးကြေးရေးမှာ အသိပညာ ဗဟုသုတနည်းခဲ့တာကလည်း နောက်ထပ် အကြောင်းရင်း တစ်ခုပါပဲ။ နောင်ရေးအတွက် ငွေစုရမယ်ဆိုတာထက် နောင်ရေးအတွက် နတ်ကိုးဖို့ကိုပဲ စဥ်းစားနေကြတဲ့သူတွေ များပါတယ်။
သနားစရာ ဆင်းရဲသားတွေ၊ မဖြုန်းတာတောင် ကုန်းကောက်စရာမရှိအောင် မွဲနေတဲ့သူတွေ၊ ကြမ္မာဆိုး အမျိုးမျိုးကြောင့် ကြွေးတင်ရသူတွေ ရှိခဲ့ပါတယ်။ ခုလည်း ရှိဆဲပါ။ သူတို့ကိုတော့ အပြစ်မတင်ရက်ပါဘူး ခင်ဗျာ။
တစ်ဖက်က ပြန်ကြည့်ရအောင်။ ဆီကို ရေချိုးပြီး ဆေးရိုးကို မီးလှုံရတာကို ဂုဏ်ယူတဲ့ လူမျိုး၊ ဝက်သားတုံးကြီး လက်သီးဆုပ်လောက်ကို တစ်ရွာလုံး မီးခိုးတိတ်ကျွေးတတ်တဲ့ လူမျိုး၊ ပျော်ပွဲရွှင်ပွဲဆို ငွေကုန်ချင်သလောက် ကုန်ပါစေ ဆိုတဲ့လူမျိုး၊ သုံးဖြုန်းဖို့ ငွေချေးရတာကို မရှက်တဲ့လူမျိုး... ဟုတ်ကဲ့ ကျွန်တော်တို့ လူမျိုးပါ။ ကိုယ့်လူမျိုး မျက်ချေး ကိုယ်ပြန်မြင်နိုင်စေဖို့ အမုန်းခံပြီး ရေးလိုက်ရကြောင်းပါ ခင်ဗျာ။
အမှားပါရင်လည်း ခွင့်လွှတ်ပေးကြဖို့ အနူးအညွှတ် တောင်းပန်ပါတယ် ခင်ဗျာ။ ကိုယ့်လူမျိုးကိုယ် မဖြုန်းစေချင်လို့ ကြွယ်ဝစေချင်လို့ ရေးတဲ့ စေတနာ အမှားလို့ မြင်ပေးကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ပြုပြင်ကြပါစို့ ခင်ဗျာ။ ဗမာလို ငွေမဖြုန်းပဲ တရုတ်လို ငွေရှာ၊ အရာလို ငွေစု၊ တိုးတက်အောင် ကျင့်ကြံကြပါစို့လား ခင်ဗျာ။
ချွေတာချိန် တန်ပါပြီ။ တိုးတက်ချိန် တန်ပါပြီ။
(စကားပုံမှာ ကုလားကို "အရာ" လို့ နည်းနည်း ပြင်ထားပါတယ်။ "ရှာ" "ရာ" "မာ" ကာရန်ညီတာပေါ့။)
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment