ရွှေဆိုတာ မရှိဝမ်းစာ ရှိတန်ဆာ လို့ အဆိုရှိပါတယ်။ လက်ဝတ်တန်ဆာ အနေနဲ့ ဝတ်ထားလို့ရသလို ငွေလိုရင်လည်း ရောင်းရပေါင်ရ လွယ်တာကိုး။
ရွှေရဲ့ အားသာချက်ကတော့ ငွေကြေးဖောင်းပွမှု များနေတဲ့အချိန်၊ နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့ အချိန်၊ ငွေတန်ဖိုးကျနေတဲ့ အချိန်၊ ကုန်ဈေးနှုန်း အတက်ကြမ်းနေတဲ့အချိန်၊ စီးပွားရေးကျနေတဲ့ အချိန်မျိုး တွေမှာ ယေဘုယျအားဖြင့် ရွှေက တန်ဖိုးတက်မြန်ပါတယ်။ အဲဒီအချိန်တွေဟာ ရွှေအတွက် ရွှေခေတ် ပါပဲ။
ရွှေရဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။
လက်ဝတ်တန်ဆာ ရွှေဝယ်ရင် အလျော့တွက် လက်ခတွေ ပေးရတယ်။ အခေါက်ရွှေစင်ဝယ်ထားရင်တော့ အလျော့တွက် လက်ခ မပေးရပါဘူး။ အခွန်တွေလည်း သေချာ ကောက်နေပြီဆိုတော့ စ ဝယ်ကတည်းက အခွန်နဲ့ အလျော့တွက်လက်ခ ရှုံးနေပါပြီ။ ပြီးတော့ ဆိုင်ကရောင်းတဲ့ ရွှေဈေးနှုန်းနဲ့ ကိုယ့်ဆီက ပြန်ဝယ်တဲ့ ရွှေဈေးနှုန်း ကွာဟမှု ရှိပါတယ်။ ဝယ်ပြီး ချက်ချင်းပြန်ရောင်းရင် ချက်ချင်းရှုံးပါတယ်။
ပြီးတော့ ရွှေက အိမ်မှာထားရင်၊ ဝတ်ထားရင် ရန်သူမျိုး ၅ ပါး ဒဏ်ကြောက်ရပါတယ်။ လုံခြုံအောင် ဘဏ်မှာထားရင် ထိမ်းသိမ်းခပေးရပါတယ်။ ငွေမြုပ်နေပြီး အတိုးလည်းမရ၊ ရောင်းမှ အရင်းရော အမြတ်ရော ငွေပြန်ပေါ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ဟာ ရွှေကို သံယောဇဉ်တွယ်တတ်ကြတာပါပဲ။ ကြွေးဆပ်ဖို့ ရွှေရောင်းပါဆို မရောင်းရက်ကြဘူး။ သွားပေါင်ကြတယ်။ တတ်နိုင်တဲ့ အချိန် ပြန်ရွေးမယ်ပေါ့။
ပြန်တွေးကြည့်ပါ။ လောလောဆယ် ကိုယ့်ရွှေနဲ့ကိုယ် ရွှေပေါင်လို့ အတိုးပေးနေရပြီ။ ရွှေဈေးတက်တဲ့နှုန်းဟာ အတိုးနှုန်းလောက် မများတာ သတိပြုစေလိုပါတယ်။ ဒီလို ပြေးပြေး ပေါင်နေတတ်တဲ့ အကျင့်ရှိရင်တော့ ရွှေမဝယ်သင့်ပါဘူး။
ဘဏ်ထဲထည့်ထားတဲ့ငွေကမှ အချိန်မရွေးပြန်ထုတ် လို့ရပါတယ်။ အတိုးမပေးရပါဘူး။ စာရင်းသေအပ်တာဆိုရင်တော့ တစ်နှစ်မပြည့်သေးရင် အတိုး ဆုံးမယ်ပေါ့။ ဒါတောင် ရွှေပေါင်လို့ အတိုးပေးရတာလောက် ဆုံးရှုံးမှု မများပါဘူး။
နောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ ရွှေဝယ်တယ်ဆို အရည်အသွေးပြည့်ပြီး အလျော့တွက်လက်ခ မပေးရတဲ့ အခေါက်ရွှေတုံး ရွှေပြားတွေကို ဝယ်သင့်ပါတယ်။ ဝယ်ဈေးရောင်းဈေး ကွာဟမှုလည်း နည်းပါတယ်။
လက်ဝတ်တန်ဆာတွေကတော့ အရည်အသွေးလည်းနိမ့်၊ အလျော့တွက် လက်ခလည်းများ၊ ရောင်းဈေးဝယ်ဈေး ကွာဟမှုလည်း များတာကြောင့် မဝယ်သင့်ပါဘူး။ ဝယ်ဝတ်ချင်ရင်တောင် တစ်ကိုယ်ရေ အတွက် အနည်းအကျဉ်း သင့်တော်ရုံလောက်ပဲ ဝယ်သင့်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ဝယ်တာဆိုရင် လက်ဝတ်တန်ဆာ ရွှေထည်တွေက ရေရှည်မှာ ဘဏ်တိုးလောက်တောင် မကိုက်ပါဘူး။
ကျွန်တော်တွက်ကြည့်မိသလောက် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ငွေကို ဘဏ်ထဲ စာရင်းသေထည့်ထားပြီး အတိုးအားလုံးကို အရင်းထဲပြန်ထည့်တာနဲ့ ရွှေဈေးတက်တာနဲ့ နှုန်းက အကြမ်းအားဖြင့် တူတူလောက်ပါပဲ။ ဒါ့ကြောင့် ငွေကို ဘဏ်ထဲမှာထည့်သင့်လား အခေါက်ရွှေစင်တုံး ဝယ်ထားသင့်သလားဆိုရင် သိပ် မကွာလှပါဘူးလို့ပဲ ပြောချင်ပါတယ်။ မျှတအောင် ခွဲပြီး လုပ်စေချင်ပါတယ်။
ငွေ ခဏခဏ လိုတတ်ရင်တော့ ဘဏ်မှာပဲ အပ်ထားပါ။ ရွှေက ရေတိုမှာ ဝယ်ပြီးပြန်ရောင်းရင် ရှုံးတတ်ပါတယ်။
ရွှေဟာ ဘဏ်အပ်ငွေလိုပဲ လိုအပ်လာရင် အလွယ်တစ်ကူ ပြန်ရောင်းရတာ ငွေပြန်ဖော်ရတာ လွယ်ပါတယ်။ ရေတိုနဲ့ ရေလတ်အတွက် စုဆောင်းထားဖို့မှာ သုံးလို့ရမှာပါ။
ဒါပေမဲ့ ရေရှည်အတွက်တော့ ဒီ့ထက်ပိုစွမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပါတယ်။ အိမ်ခြံမြေ၊ ဆိုင်ခန်း၊ စတော့ရှယ်ယာ၊ အစိုးရ (သို့) ကုမ္ပဏီ ငွေချေးစာချုပ်၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတာတွေပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
ရွှေစကား ပြောမယ်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment