Thursday, September 24, 2020

ဂျ​ပန်​တွေ​ရဲ့​ငွေစာရင်း လုပ်နည်း

ဒီ​​နေ့​​တော့ ဂျ​ပန်လူမျိုး​တွေ တီထွင်​ခဲ့​တဲ့ ဘက်ဂျက်ဆွဲနည်း ​နဲ့ ဝင်​ငွေထွက်​ငွေ စာရင်း မှတ်နည်းလေးကို မျှ​ဝေချင်ပါတယ်။ ကာခေးဘိုး လို့ ​​ခေါ်ပါတယ်။

၂၀ ရာစု ​အ​စောပိုင်းမှာ ဂျ​ပန်​အစိုးရက ပြည်သူ​​တွေမှာ ငွေစု​တတ်​တဲ့ အ​​လေ့​အထ​​ကောင်းလေး ရလာအောင် ဒီနည်းစနစ်ကို သုံးကြဖို့ ပညာပေး လှုံ့​​ဆော်ရေး​တွေ လုပ်​ခဲ့ပါတယ်။

ကာခေးဘိုးကို တိုက်ရိုက်ဘာသာ​​ပြန်ရရင်​​တော့ "အိမ်​​ထောင်စု ​ငွေစာရင်း စာအုပ်" ပါ။

ကာခေးဘိုး နည်းလမ်း ​အဆင့်ဆင့်ကို ​​ဖော်ပြပေးလိုက်ပါတယ်။ ဗလာစာအုပ်​အလွတ်တစ်အုပ်ရှိရင် လိုက်လုပ်လို့ ရပါပြီ။

​#အဆင့်_၁

ဒီ ​အဆင့်မှာ​​တော့ တစ်နှစ်စာ ​အကြမ်းဖျင်း ကြိုတင် စာရင်းလုပ်ရမှာပါ။

ဒီနှစ်မှာ ဝင်နိုင်​တဲ့ တစ်နှစ်စာ ဝင်​ငွေ ခန့်မှန်း​​ခြေကို ချရေးရပါမယ်။ ပုံ​မှန် ဝင်​ငွေရှိ​တဲ့ ​ဝန်ထမ်း​တွေ​အတွက် တွက်ရတာ လွယ်ကူ​ပေ​မဲ့ ​အချို့​တွေ​အတွက်​​တော့ တွက်ရခက်ပါလိမ့်မယ်။ ​အရင်နှစ်​တွေက ဝင်​ငွေ​အ​ခြေ​အ​နေ​​ပေါ် မူတည်ပြီး ​​အနီးစပ်ဆုံး ​အကြမ်းဖျင်း ခန့်မှန်းပါ။

ထွက်​ငွေ ​တွေကို ခန့်မှန်းရပါမယ်။ လစဥ် ကုန်တတ်တာ​တွေ​ရော၊ တစ်နှစ် တစ်ခါကုန်တတ်တာ​တွေပါ ​ထည့်ရေးရမှာပါ။ လစဥ်မကုန်ပဲ တစ်နှစ်တစ်ခါ (သို့) တစ်ခါတစ်​လေမှ ကုန်တတ်တာ​တွေက ဝင်​ငွေခွန်၊ ခရီးသွားစရိတ်၊ ​အလှူ၊ မင်္ဂလာ​ဆောင် လက်​ဖွဲ့ စတာ​တွေပါ။

ပြီးရင် ဒီနှစ်မှာ ​ငွေဘယ်လောက် စုချင်တယ် ဆိုတာ ချရေးပြီး ​ငွေစုဖြစ်အောင် ဘာ​တွေ ပြုပြင်မယ်ဆိုတာကို ပါ ချရေးရပါမယ်။ ဥပမာ ဝင်​ငွေပို​​ကောင်း​တဲ့ ​အလုပ်ကို ရှာမယ်၊ ​ကွမ်းယာ လျှော့စားမယ်၊ ​​လောင်းကစား လျှော့လုပ်မယ်၊ ​အပြင်စာ​တွေ ဝယ်စားတာ လျှော့မယ် စသဖြင့်​​ပေါ့။

​#အဆင့်_၂

ဒီလ​အတွက် လစဥ် စာရင်းလုပ်ရမှာပါ။ ဒီလ ​ငွေဘယ်လောက်ဝင်မယ်၊ ​ငွေဘယ်လောက် ထွက်မယ် ဆိုတာကို ခန့်မှန်းပြီးချရေးပါ။ ထွက်​ငွေကို ခန့်မှန်း​တဲ့ ​အခါ မသုံးမဖြစ်​တဲ့ ​အ​ခြေ​ခံကုန်ကျစရိတ်​တွေကိုပဲ ​ထည့်တွက်ပါဦး။ ဥပမာ အိမ်လခ၊ မီတာခ၊ ဒီလ​အတွက် ပေးစရာ ​အခွန်​အခ၊ ​အကြွေး စတာ​တွေပါ။ အခြား​ သုံးစရာ ဖြုန်းစရာတွေကို ​ထည့်မတွက်ပါ​နဲ့ဦး။

ဝင်​ငွေထဲက ထွက်​ငွေခန့်မှန်း​​ခြေကို နှုတ်လိုက်ရင် ပို​ငွေထွက်လာပါပြီ။ (ပို​ငွေက ​အနှုတ်ပြ​နေရင်​​တော့ ဝင်​ငွေတိုးအောင် လုပ်ဖို့ လို​နေပါပြီ။) ထွက်လာ​တဲ့ ပို​ငွေထဲက ဘယ်လောက်စုမယ်၊ ဘာ​အတွက် ​ငွေစုမယ်ဆိုတာကို ချရေးပါ။

ပို​ငွေထဲက စု​ငွေကို နှုတ်လိုက်လို့ ​ကျန်​တဲ့​ငွေကို​​တော့ ​အ​ထွေ​ထွေ ​အသုံးစရိတ် ​အဖြစ် သုံးနိုင်ပါပြီ။ ​အဲဒီ​ ​ကျန်ငွေကို ဘယ်လိုသုံးမလဲဆိုတာ ​#အဆင့်_၃ မှာ ဆက်ကြည့်ပါ။

​#အဆင့်_၃

​ကျန်​ငွေပမာဏ​​ကို ကြည့်ပြီး တစ်ရက်မှာဘယ်လောက်သုံးနိုင်မယ်၊ တစ်ပတ်မှာ ဘယ်လောက်သုံးနိုင်မယ်ဆိုတာ တွက်ကြည့်လို့ရပါပြီ။ သုံးသမျှကိုလည်း ဘာ​အတွက် ဘယ်လောက်သုံးတယ် ဆိုတာကို ​​နေ့စဥ် ချရေးရမှာပါ။ သုံးလိုက်တာဟာ တကယ် လိုအပ်လို့လား၊ လိုချင်လို့လား၊ လူမှုရေးလား၊ မမျှော်လင့်ပဲ ကုန်တာလား စသဖြင့် အုပ်စုခွဲပြီး စာအုပ်ထဲမှာ မှတ်ထားပေးပါ။

ဝင်​ငွေတွေကိုလည်း ဒီလိုပဲ ချမှတ်ရမှာပါ။

​#အဆင့်_၄

လကုန်​တဲ့ ​အခါ ဝင်​ငွေ​နဲ့ ထွက်​ငွေကို စာရင်း​​ပေါင်းပြီး ကိုယ်စု ချင်သလောက် စုမိ​ရဲ့လား၊ ဘယ်​နေရာ​တွေမှာ ​ငွေယိုပေါက်​တွေ ဖြစ်​နေလဲ၊ နောက်လမှာ ဘယ်​နေရာ​တွေမှာ ​အသုံးစရိတ်ကို လျှော့ရမလဲ၊ ဘယ်​နေရာ​တွေမှာ ပြုပြင်ရမလဲဆိုတာကို ဆန်းစစ်ပါ။ ပြီးရင်​​တော့ အဲဒီ ပြုပြင်စရာ​တွေကို နောက်လမှာ ပြုပြင်ဖို့ စိတ်ထဲ​ထည့်ထားပါ။ နောက်လ​အတွက် ဘက်ဂျက်ဆွဲဖို့ ​#အဆင့်_၂ ကို​ပြန်သွားပါ။

နှစ်ကုန်ရင်​​တော့ ဝင်​​​ငွေထွက်​ငွေ စာရင်းချုပ်ကြည့်ပြီး​​တော့ ​#အဆင့်_၁ မှာ ခန့်မှန်းထားတာ​နဲ့ ကိုက်မကိုက်၊ ဘာ​တွေ ပြုပြင်​ချွေတာဖို့ လိုတယ်ဆိုတာကို သုံးသပ်ရမှာပါ။

​အသုံးစရိတ်​တွေကို ခန့်မှန်းရတာ၊ တစ်ခုချင်းစီ လိုက်မှတ်ပြီး မှတ်ချက်ပေးရတာ မလွယ်​ပေ​မဲ့ ဒီနည်းကို သုံးရင် ကိုယ့်​ရဲ့ သတိမထားမိ​တဲ့ ​ငွေယိုစီးပေါက်​တွေကို ​​တွေ့ရမှာ ​အ​မှန်ပါပဲ ခင်ဗျာ။ ​ငွေကြေး သင်္ဘောကြီး မမြုပ်ခင် ​ငွေယိုပေါက်​တွေ ရှာ​​တွေ့ပြီး ပြုပြင်ဖာထေးနိုင်ပါ​စေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...