Wednesday, September 23, 2020

စိတ်သွားတိုင်း ကိုယ်ပါ




"စင်စစ်​မှန်ရာ လူချမ်းသာသည်
စိတ်သွားတိုင်းမှာ ကိုယ်လည်းပါ၏။"
စိတ်သွားတိုင်း ကိုယ်ပါဖို့ဆိုတာ ​အ​​ကြောင်း (၃) ချက်​နဲ့ ​ပြည့်စုံရမယ် ခင်ဗျ။

(၁) ​လွတ်လပ်ပြီး အားလပ်​တဲ့ ​အချိန်​တွေ ရှိရပါမယ်။ ​

(၂) ငွေကြေး ​အလုံ​အလောက် ရှိရပါမယ်။

(၃) ကျန်းမာရေး ​​ကောင်းရပါမယ်။

(ဒါက​​တော့ ကိုယ်ရေးကိုယ်တာ ​အ​​ကြောင်း (၃) ချက်ပါ။ ကပ် (၃) ပါး၊ ​ရန်သူမျိုး (၅) ပါး စတာ​တွေ​​ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်​တဲ့​အချိန်​တွေလည်း ရှိတတ်ပါတယ်။)

​အချိန်​နဲ့ ​ငွေကြေး​ ချမ်းသာမှု အ​​ကြောင်း​တွေက​​တော့ ကျွန်​​တော် ရေး​ခဲ့ပြီးပါပြီ။ ​ငွေဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ၊ ​အချိန် မချမ်းသာရင် လူချမ်းသာ ​အ​စစ် ​ငွေသခင် ​အစစ် မဖြစ်သေးပါဘူး။ ​​ငွေရဖို့ ​အတွက်​နဲ့ အလုပ်​တွေကို ​အချိန်ပေးလုပ်​နေရလို့ မ​အားဘူးဆိုရင် ငွေက ကိုယ့်ကို ​ပြန်ခိုင်း​နေ​တဲ့ ​အဆင့်ပဲ ရှိပါသေးတယ်။ ​ငွေ​ရဲ့ ကျေးကျွန်ပါပဲ။ (​​ငွေရဖို့သက်သက် ​အလုပ်လုပ်တာမဟုတ်ပဲ လောက​အတွက်​အကျိုးရှိ​တဲ့​ အလုပ်​တွေကို လုပ်​နေတယ်၊ လုပ်ရတာလည်း ​​ပျော်တယ်ဆိုရင်​​တော့ ခြွင်းချက်ပါ။)

​အချိန်လည်း ​အားတယ်၊ လွတ်လပ်တယ်၊ ​ငွေလည်း ​ရှိတယ်ဆို​ပြန်​​တော့လည်း သွားဖို့လာဖို့ ကျန်းမာရေးက မ​​ကောင်းရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်​​တော့​ပြန်ပါဘူး။

ဒါ့​​ကြောင့် ​ငွေသခင်ဖြစ်ဖို့ ကြိုးစားရာမှာ ကျန်းမာရေးကို လျစ်လျူမရှု​စေချင်ပါဘူး။ ကြာကြာဝါး​မဲ့သွား ​အရိုးကြည့်​​ရှောင်ရသလို ​ငွေသခင်​အဖြစ်​နဲ့ ကြာကြာ ​​နေချင်ရင်​​တော့ ကိုယ့်ကျန်းမာရေးကို ထိခိုက်​စေမယ့် ကိစ္စ​တွေကို တတ်နိုင်သမျှ ​​ရှောင်ကြဥ်ရမှာပါ။

ဥပမာ ​ချွေတာချင်လွန်းလို့ ဈေး​ပေါ​တဲ့ ခေါက်ဆွဲခြောက်ထုပ်လေး​တွေပဲ ပြုတ်စား​နေရင် ​ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ရှာထားသမျှ ဆေးဖိုးဖြစ်သွားနိုင်ပါတယ်။

ဆေးလိပ်၊ အရက်​၊ ကွမ်းယာ ​နဲ့ မူးယစ်ဆေးဝါး​တွေကို​​တော့ လုံးဝ​​ရှောင်ရှားသင့်ပါတယ်။

​​​အဝ မလွန်အောင် ​ကျန်းမာရေး​အတွက် သင့်​​တော်​တဲ့ အစား​အစာ​တွေကို ချင့်ချိန်စားပြီး ​​လေ့ကျင့်ခန်းလည်း လုပ်သင့်ပါတယ် ခင်ဗျ။ ​အဆီ​တွေ​နဲ့ ​အချို​တွေကို တတ်နိုင်သမျှ ​​ရှောင်​စေချင်ပါတယ်။

ဖြစ်နိုင်ရင် တစ်နှစ်တစ်ခါလောက် ပုံ​မှန် ဆေးစစ်သင့်ပါတယ်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတာ ​အ​မှန်ပါပဲ ခင်ဗျ။ ကျန်းမာရေးမ​​ကောင်းရင် ​ငွေကုန်တယ်။ ​ငွေရှာရမယ့် ​အစား ဆေးရုံ ဆေးခန်းရောက်​နေရင် ​ငွေရှာဖို့ ​အချိန်​နဲ့ ​အခွင့်​အလမ်း​တွေ ဆုံးရှုံးရတယ်။ ​အချိန်​တွေ ​ငွေ​တွေ ချမ်းသာ​နေရင်​​တောင် မကျန်းမာလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်​​တော့ရင် ဘဝက ခါးသီးလာတတ်ပါတယ်။

ဇရာဗျာဓိ အိုခြင်းနာခြင်းကို ​​ဘယ်သူမှ ရှောင်လွှဲလို့ မရ​ပေ​မဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ် တတ်နိုင်သမျှ ​​စောင့်ရှောက်ဖို့ တာ​ဝန်ရှိပါတယ် ခင်ဗျ။

​​ရှောင်လွှဲလို့ မရ​တဲ့ ​ရောဂါ​တွေကို​ မ​ပြောလိုပေ​မဲ့ ဉာဏ်​နဲ့ ဆင်ခြင်ပြီး ကြိုတင်ကာကွယ်လို့ ရ​တဲ့ ​ရောဂါ​တွေကို မွေး မထားသင့်ပါဘူး ခင်ဗျာ။

​ငွေသခင်ဖြစ်ဖို့ ကြိုးစားရင်း ​​ငွေ​တွေ ချမ်းသာလာ​တာ​နဲ့အမျှ ရောဂါ​​ပေါင်းစုံကိုပါ ချမ်းသာလာရင်​​တော့ မ​ဟန်ပါဘူးခင်ဗျာ။ ​သတိထားဖို့ပါ။

အားလုံး စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒ​တွေ ​ပြည့်ဝကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...