Saturday, September 26, 2020

ငွေပင်ကြီး ၄ ပင်

ကျွန်​​တော်တို့ ဘဝမှာ တစ်ဦးတစ်ယောက်ချင်းစီအတွက် ​ငွေပင်ကြီး ၄ ပင် စီ ရှိကြပါတယ်။ ​လူတစ်ယောက်​ရဲ့ ငွေပင်​နဲ့ နောက်တစ်ယောက်​ရဲ့ ငွေပင်က​​တော့ မတူကြပါဘူး။ ​​အပင်တိုင်းကလည်း ​ငွေသီး မသီးပါဘူး။

ကဲ ​ငွေပင်ကြီး ၄ ပင်ဆိုတာ ဘာ​တွေလဲ ကြည့်ကြရအောင်။

*********************************
​ငွေပင် (၁) ​ကံထူး​ကံသာ ဝင်​ငွေပင်
*********************************

ဒီ​ငွေပင်ကို​​တော့ ပျိုး​​ထောင်​ ​​​​ပေါင်းသင် ရေ​​လောင်းစရာ မလိုပါဘူး။ မျိုး​​စေ့​​ကောင်းရင် သူ့ဖာသာသာသူ ​ငွေသီး​တွေ သီးပါတယ်။ ​အချို့လူ​တွေ ​အတွက် ပြွတ်​နေအောင် သီး​ပေ​မဲ့ ​လူ​အများစု ​အတွက်က​​တော့ ဘာဆိုဘာမှ မသီး​တဲ့ ​အပင်မျိုးပါ။

ထီပေါက်တာတို့၊ ​မိဘချမ်းသာတာတို့၊ အ​မွေရတာတို့ စ​တဲ့ ​ရှေး​ကံ​​ကြောင့် ရ​တဲ့ ဝင်​ငွေမျိုးပါ။

​အချို့ဆို ဒီ​ငွေပင်က ဝင်​ငွေ​နဲ့တင် လုံလောက်ပို​လျှံလို့ ​အခြား​ငွေပင်​တွေဘက်​​တောင် ​လှည့်စရာ မလို​တဲ့ သူ​တွေရှိပါတယ်။

ကျွန်​​တော်တို့လို ထီလည်း မပေါက်၊ ​ကံစမ်းမဲလည်း မပေါက်၊ မိဘကလည်း မချမ်းသာ​တဲ့လူမျိုးကျ​​တော့ ဒီ​ငွေပင်က ​အလကား သုံးစားမရပါဘူး။ ​အခြား​ငွေပင်​တွေကိုပဲ ​အားကိုးရပါတယ်။

******************************
​ငွေပင် (၂) မတ်တတ် ဝင်​ငွေပင်
******************************

ဒီ​ငွေပင်က ​ငွေသီး သီးဖို့ ​​နေ့တိုင်း ​ရေ​​လောင်း ​​ပေါင်းသင်ပေးရပါတယ်။ ​ရေ​​လောင်း​​ပေါင်းသင်​နေရင် ​ငွေသီးမယ်။ မလုပ်​တဲ့​​နေ့ ​အသီးရပ်သွားတတ်​တဲ့ ​အပင်မျိုးပါ။

​ဝန်ထမ်း​အလုပ်လုပ်တာတို့၊ ပွဲစားလုပ်တာတို့၊ ဈေး​​ရောင်းတာတို့၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်တာတို့ စ​တဲ့ ကိုယ်လုပ်မှ ကိုယ်ရ​တဲ့ ​လုပ်​အားခ​နဲ့ ​အမြတ်ငွေတွေဟာ ဒီသ​ဘောပါပဲ။

​အချို့ကလည်း ဒီလိုနည်း​နဲ့ ရ​တဲ့ ဝင်​ငွေက နည်းလွန်းလို့ ​အ​ခြေ​ခံ ​အသုံးစရိတ်​​တောင် မလောက်ငှတာ​တွေ ရှိပါတယ်။ ဥပမာ ဝန်ထမ်း​အလုပ်ကရ​တဲ့ လခဟာ နည်းလွန်းလို့ မလောက်ငှလို့ လတိုင်း မိဘ​တွေဆီက​နေ လက်ဖြန့်​​တောင်း ​နေရတာမျိုး၊ ​အပြင်က​နေ ချေးငှါး​နေရတာမျိုးပါ။ ဒီလိုမျိုး ဖြစ်​​နေတယ်၊ ​​ရှေ့လျှောက် ဝင်​ငွေပို​​ကောင်းဖို့ ​အလား​အလာလည်း နည်းတယ်ဆိုရင်​​တော့ ဒီ​အလုပ်ကို စွန့်ပြီး ​အခြားဝင်​ငွေပို​​ကောင်း​တဲ့ ​အလုပ်ကို ​​ပြောင်းဖို့လိုပါပြီ။ ​​ရောင့်ရဲပါတယ်ဆိုပြီး ဇွတ်မှိတ်ဆက်လုပ်​နေတာ ​​ဒီ​နေရာမှာ​​တော့ ရောင့်ရဲရာမရောက်ပဲ ပျင်းရာ ဖျင်းရာရောက်ပါတယ်။ ​​

​အချို့ကလည်း ဒီနည်း​နဲ့ရှာ​တဲ့ ဝင်​ငွေက ​​ကောင်းပါလျက်​နဲ့ ​အသုံး​အဖြုန်းကြမ်းလွန်းလို့ မစုမိ မ​​ဆောင်းမိ ဖြစ်​နေတာမျိုးပါ။ ဒါဆိုရင်​​တော့ ​အဖြုန်း​တွေကို ​လျှော့ဖို့ လိုပါတယ်။

​အချို့ကျ​​တော့ ဝင်​ငွေထဲက ရာခိုင်နှုန်း ​အ​​တော်များများကို စုနိုင်တယ်။ ဒီလိုလူမျိုး​တွေ ​အတွက် က​​တော့ နောက်ထပ် ငွေပင်နှစ်ပင်ကို ဆက်ပြီး ​​ငွေသီး သီးအောင် လို့ရပါပြီ။

***************************
​ငွေပင် (၃) ​အထိုင် ဝင်​ငွေပင်
***************************

ဒီ​ငွေပင် ​​တွေက​​တော့ ထူးဆန်းပါတယ်။ ငွေသီး​တွေသီးဖို့ ​ရေ​​လောင်း​​ပေါင်းသင် လုပ်စရာ မလိုပါဘူး။ ကိုယ့်မှာရှိ​တဲ့ ​ငွေသီး​တွေကို ​အပင်​ရဲ့ ​အမြစ်ထဲမှာ ​​ထည့်မြှုပ်​မှ ​ငွေသီး သီး​တဲ့ ​အပင်မျိုးပါ။

​အိမ်​၊ ခြံ​၊ မြေ၊ ကား၊ စက်ပစ္စည်း စတာ​တွေ ငှါးရမ်းခ လစဥ် ပုံ​မှန် ဝင်​နေ​တဲ့ ဝင်​ငွေ၊ ​အတိုးရ​တဲ့ ​ငွေ၊ ကိုယ်ဝင်ပါပြီး လုပ်စရာမလို​​တော့​တဲ့ ကိုယ်တိုင် ထူ​​ထောင်ထား​တဲ့ စီးပွားရေးလုပ်ငန်းက ​အမြတ်​ငွေ၊ စိတ်ချရ​တဲ့ ​အလိမ်မဟုတ်​တဲ့ စီးပွား​ရေးလုပ်ငန်း ကုမ္ပဏီ​တွေမှာ ​​ငွေရင်းနှီး မြှုပ်​နှံထားလို့ ရလာ​တဲ့ ​အမြတ်​ငွေ စတာ​တွေပါဝင်ပါတယ်။

ဒီကရ​တဲ့ဝင်​ငွေဟာ ကိုယ်​အလုပ်မလုပ်ပဲ အိပ်​နေ၊  ကမ်း​ခြေမှာ ​အေး​​ဆေးနှပ်​နေလည်း ဝင်​နေမှာ ဖြစ်ပါတယ်။ ​အထိုင်ဝင်​ငွေ​​ပေါ့။ ​

​ငွေ​နဲ့မရင်းပဲ လုပ်​အား​နဲ့ ရင်းပြီးရ​တဲ့ ​အထိုင်ဝင်​ငွေ​တွေလည်း ရှိပါတယ်။ အဲဒါ​တွေက​​တော့ တီထွင်မှု​တစ်ခုခု အတွက် အဲဒီ တီထွင်မှုကို လူသုံး​နေသမျှရ​နေ​တဲ့ ဝင်​ငွေ၊ စာတစ်အုပ်ရေးထားပြီး အဲဒီစာအုပ်ကို​ထပ်ပြီး ရိုက်ထုတ်​​ရောင်း​နေရသမျှ ရ​နေ​တဲ့ ဝင်​ငွေ စ​တဲ့ မူပိုင်ခွင့် ဝင်​ငွေ​တွေပါ။

********************************
​ငွေပင် (၄) ​တန်ဖိုးတက် ဝင်​​​ငွေပင်
********************************

ဒီ​ငွေပင် ​​တွေက​​လည်း ထူးဆန်းပါတယ်။ ကိုယ့်မှာရှိ​တဲ့ ​ငွေသီး​တွေကို ​အပင်​ရဲ့ ​အမြစ်ထဲမှာ ​​ထည့်မြှုပ်​ရင် ​အချိန်ကြာလာတာ​နဲ့ ​အမျှ ​​ငွေသီး​တွေက​နေ ရွှေသီးဖြစ်လာပါတယ်။ ဆိုလိုတာက ​​ထည့်ထားတာ​တွေ ​တန်ဖိုးတက်လာတာ​​ပေါ့။ ပုံ​မှန် ဝင်​ငွေ​​တော့မရပဲ ​ပြန်​​ရောင်းမှ ​အမြတ်​​​ရော ​အရင်းပါ ​ပြန်ရတာမျိုးပါ။

အိမ်၊ ​ခြံ၊ ​မြေ၊ ကား၊ စ​​တော့ရှယ်ယာ လက်မှတ် စတာ​တွေကို ဈေး​​တော်တုန်းမှာ ဝယ်ဥထားပြီး ဈေး​​ကောင်း​​တော့မှ ပြန်​​ရောင်းတာမျိုးပါ။

အထိုင်ဝင်​ငွေ ​နဲ့ ​တန်ဖိုးတက် ဝင်​ငွေရဖို့ ​ငွေ​နဲ့ရင်းရတာကို သတိပြု​စေလိုပါတယ်။ အဲဒီငွေကို ဘယ်ကရမလဲဆို​​တော့ ​ငွေပင် (၁) ​နဲ့ (၂) က ရနိုင်ပါတယ်။ ​ကံမ​​ကောင်း​တဲ့သူ​တွေ​အတွက် ​ငွေပင် (၁) ကို ​​မေ့ထားပြီး ​ငွေပင် (၂) က​နေ ​အရင်းရှာရမှာပါ။ ​ဒီလိုပဲ ​ငွေပင် (၂) ကို ​ဖြည်း​ဖြည်းချင်း ပြုစုပျိုး​​ထောင် ​ငွေစုရင်း ​ငွေပင် (၃) ​နဲ့ (၄) ကို ရနိုင်အောင် ကြိုးစားရမှာပါ။ လုပ်​အားခ​နဲ့ ​ငွေရှာရင်း ​အရင်း​အနှီးရအောင် စုရမှာပါ။

ကြွက်​သေတစ်ခု ​အရင်းပြုဆိုသလို လုပ်​အားခလေး​တွေ စု​​ဆောင်းရင်း တစ်​ဖြည်း​ဖြည်း​နဲ့ လုပ်သွားရမှာပါ။ ​​​ကျောထောက်နောက်​ခံမရှိပဲ ကုမ္ပဏီကြီး ချက်ချင်း​​ထောင် စီးပွားရေးလုပ်ငန်းရှင်ကြီး ချက်ချင်းဖြစ်ဖို့ဆိုတာ ကျွန်​​တော်တို့လို သာ​မန်လူ​တွေ ​အတွက် မလွယ်လှပါဘူး။ စိတ်ကူးယဥ် ဆန်ပါတယ်။ ​

ငွေရင်းမရှိလို့ စီးပွားရေး လုပ်ငန်းကြီး ဝုန်းကနဲ ထမလုပ်နိုင်လို့ ဝမ်းနည်းပက်လက်​နဲ့ ထိုင်​နေမလား၊ ကိုယ်လုပ်နိုင်​တဲ့ ​အ​ခြေ​အ​နေမှာ လုပ်နိုင်သမျှကို သေးသေးက စလုပ်မလား စဥ်းစားကြည့်ကြပါ ခင်ဗျာ။

​ငွေလိုတယ်၊ ​အရင်း​အနှီးမရှိလို့ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီး ထိုင်ညည်း​နေ​တဲ့သူ​တွေ လက်​​တွေ့ကျကျ တွေးတတ်ဖို့ပါ။ ​​နေ့ချင်းညချင်း​​တော့ ဖြစ်မလာပါဘူး။ ​အချိန်ပေးပြီး တစ်ထစ်ချင်း တက်ရမှာပါ။

လူတိုင်း ​ငွေပင် (၂) မှာတင် ရပ်မ​နေပဲ ​ငွေပင် (၃) ​နဲ့ (၄) က ​အကျိုးရလဒ်​တွေကိုပါ ခံစားနိုင်အောင် ကြိုးစားသွားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

​ငွေပင် (၁) ​​နဲ့ ​အဆင်​ပြေ​​နေ​တဲ့ သူ​တွေ ကိုလည်း ​အားကျပါ​ရဲ့ဗျာ။ ဒါ​ပေ​မဲ့ ​အား​​တော့ မပျက်ပါဘူး။ ကြိုးစားရင်း ​ငွေပင် (၃) ​နဲ့ (၄) ကို ပျိုး​​ထောင်ထားရင် ​တစ်​​နေ့မှာ ငွေပင် (၁) ထက် သာသွားနိုင်တာပဲ​လေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...