Forex Trading ဆိုတာကတော့ လိုင်းပေါ်မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တာပါပဲ။ အရှင်းဆုံး ဥပမာ ပေးရရင် မနက်ဖြန်မှာ (သို့မဟုတ် သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားမှာ) အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ယူရိုငွေ (သို့မဟုတ် အခြား နိုင်ငံခြားငွေ တစ်ခုခု) ဈေး တက်မတက် ခန့်မှန်းရမှာပါ။ ခန့်မှန်းတာ မှန်ရင် မြတ်မယ်။ ခန့်မှန်းတာ မှားရင် ရှုံးမယ်ပေါ့။ ဈေးအတက်အကျ ပမာဏနဲ့ ယူထားတဲ့ လောင်းကြေး အဆပေါ်မူတည်ပြီး အရှုံးအမြတ် အနည်းအများ ကွာပါတယ်။
အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုပါပဲ။ အချိန်ပေးလေ့လာရမယ်။ ဈေးကွက်အကြောင်း နားမလည်ပဲ သွားလုပ်ရင် လောင်းကစား ဆန်ပါတယ်။ အမြတ်များနိုင်သလို အရှုံးလည်း ကြီးနိုင်ပါတယ်။ သူက Zero Sum Game လို့ခေါ်တဲ့ အားလုံးပေါင်းလိုက်ရင် အမြတ်မရှိတဲ့ လောင်းကစားဆန်တဲ့ လုပ်ငန်းပါ။ ကျွမ်းကျင်သူတွေမြတ်ပြီး မကျွမ်းသူတွေ ရှုံးပါတယ်။ အကွက်ရွှေ့မှားတဲ့သူ အစားခံရပါတယ်။
မြန်မာနိုင်ငံမှာတော့ Forex Trading ကို ပုံမှန် အမြတ်ကျန်အောင် ဆော့နိုင်တဲ့သူရှားပြီး မအူမလည်နဲ့ ရှုံးတဲ့သူ များပါတယ်။ ဘယ်လောက်ပဲ နည်းဗျူဟာတွေတွေ ဖော်မြူလာတွေ အယ်ဂိုရသမ် Algorithm တွေ ကောင်းတယ်ပြောပြော အမြဲပုံမှန် မြတ်နေဖို့ မလွယ်လှပါဘူး။ ကိုယ့်တွက်နည်းတဲ့သာတဲ့ တွက်နည်းတွေ နိုင်ငံတကာမှာ အမြဲတီထွင်ကြံဆနေကြတာမို့ နိုင်ငံတကာက Forex Trader ဖျံတွေနဲ့ ရေရှည်မှာ ယှဉ်နိုင်ဖို့ ခက်ပါတယ်။
သင်တန်းတက်လည်း အခြေခံပဲ သင်ပေးမှာပါ။ တစ်လ ဂေါက်ရိုက်သင်တန်းလေးတက်ပြီး နိုင်ငံတကာ ဂေါက်ရိုက်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ မဖြစ်နိုင်သေးသလို Forex Trading လက်ပူတိုက် သင်တန်းတက်ပြီး နိုင်ငံတကာမှာ ဝင်ဆော့ရင်တော့ ရှုံးဖို့များပါတယ်။ အချိန်တိုတို အတွင်းမှာ ကျွမ်းကျင်ဖို့ မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ ရှုံးလိုက်မြတ်လိုက်နဲ့ သင်ခန်းစာတွေယူပြီး ဝမ်းစာဖြည့် လေ့ကျင့်ထားမှ မြတ်နိုင်တာပါ။ တော်တော်ကြီးကို ကျွမ်းကျင်မှပါ။ ကျိန်းသေမြတ်သွားတာကတော့ Forex Trading သင်တန်းဖွင့်စားတဲ့ သူတွေနဲ့ ကြားခံ ပွဲစားတွေပါပဲ။
ခုမြန်မာနိုင်ငံနဲ့ ချိတ်ဆက်လုပ်နေတဲ့ လိုင်းပေါ်က ငွေကြေး ဈေးကွက် အရောင်းအဝယ် Forex Trading Platform နဲ့ Broker လမ်းကြောင်း တွေဟာ တရား မဝင်တာတွေ များပါတယ်။ အစိုးရက တရားဝင် ခွင့်မပြုထားပါဘူး။ ကိုယ်ရင်းထားတဲ့ ဒေါ်လာငွေလေးကို အချိန်မရွေး လိမ်ပြေးနိုင်ပါတယ်။ လိမ်ပြေးနေကြတာတွေ ရှိပါတယ်။ ကမ္ဘာ တစ်လွှားမှာ လိမ်စားနေတဲ့ Forex Trading Broker ကုမ္ပဏီတွေ အများကြီးပါ။ သတိထားစေချင်ပါတယ်။ (အလိမ်မဟုတ်ပဲ အမှန်အကန်တွေလည်း ရှိပါတယ်။)
ဒီလို အလိမ်တွေကြောင့်၊ အရှုံးအမြတ်ကြီးတာတွေကြောင့်လည်း ဒီလုပ်ငန်းကို လုပ်မစားတော့ပဲ သင်တန်းလေးတွေ ပေးနေတာကမှ သင်တန်းကြေးရလို့ တွက်ခြေပိုကိုက်တယ်ဆိုပြီး သင်တန်းပေးစားနေတယ်လို့ ယူဆရပါတယ်။
Forex Trading သင်တန်းတွေ၊ ပွဲစားတွေကို ချင့်ယုံကြစေလိုပါတယ်။
"Forex Trading ကျွမ်းကျင်ပါတယ်။ ငွေထည့်ပါ။ အမြတ်ရအောင်လုပ်ပေးမယ်" ဆိုတဲ့သူတွေကိုလည်း မယုံပါနဲ့။
Forex Trading ကို ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလို့ မသတ်မှတ်ပါဘူး။ ဈေးကစားပြီး အရောင်းအဝယ်လုပ်တာပါပဲ။
ကျွမ်းကျင်နေပြီးသား သူတွေကို ဘာမှ မပြောလိုပါဘူး။ ကျွမ်းတယ်ထင်ရင်တော့ ဆက်လုပ်ကြပါ။
မကျွမ်းကျင်သေးလို့ ခုမှ သင်တန်းတက်ကြည့်မယ်ဆိုတဲ့သူတွေကိုတော့ အားမပေးပါဘူး။ ကျွန်တော်ကတော့ Forex Trading ကို မကျွမ်းကျင်ပါဘူး၊ မလုပ်တတ်ပါဘူး။ ရှောင်ပါတယ်။ ဟိုလူမြတ်ရင် ဒီလူရှုံး၊ လူ့လောကကို ဘာမှ အကျိုးမပြုတဲ့ လုပ်ငန်းမို့ အားမပေးပါဘူး ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Monday, September 28, 2020
နိုင်ငံခြားငွေ အရောင်းအဝယ် Forex Trading
ကွိုင်တွေရောင်းရင် ဖမ်းမယ်
ဒီစ်ဂျစ်တယ် ငွေကြေးတွေ (ကွိုင်တွေ) ကို လိုင်းပေါ်ကနေ ရောင်းချနေတာတွေဟာ တရားမဝင်ကြောင်း၊ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေကို ထောင်ဒဏ်ငွေဒဏ် ချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က သတင်းစာတွေကတစ်ဆင့် မေလ ၁၅ ရက် ၂၀၂၀ မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒစ်ဂျစ်တယ်ငွေကြေးတွေအကြောင်း ကျွန်တော်ရေးခဲ့ပြီးပါပြီ။
လျှို့ဝှက် ငွေကြေး Cryptocurrency https://www.facebook.com/fireflypsk/posts/133910021280615
ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဟာ နည်းပညာနဲ့ ရည်ရွယ်ချက်ကောင်းတာမှန်ပေမဲ့ ကွိုင်လောကမှာ လူလိမ်တွေ ကျက်စားပါတယ်။
ကွိုင်အသစ်တွေ တစ်မျိုးပြီးတစ်မျိုး တီထွင်ပြီး အမြတ်ထုတ် ဈေးကစားနေတဲ့သူတွေ ရှိတယ်။
ကွိုင်တွေကို အကြောင်းပြပြီး လိုင်းပေါ်မှာ လိမ်စားနေတဲ့လူတွေရှိပါတယ်။
လူလိမ်တွေကလည်း လူလည်တွေ ခင်ဗျ။ အမှန်နဲ့ အမှားကို ရောချပြီး လူတွေကို ယုံကြည်လာအောင် လိမ်တတ်ကြပါတယ်။
ဥပမာ လူလိမ်တွေက အရင်ဆုံး သကြားကို ပြတယ်။ "သကြားက ချိုပါတယ်၊ မယုံရင် စားကြည့်ပါ" ဆိုပြီး စားခိုင်းတယ်။ စားကြည့်တော့ သကြားပဲ ချိုတာပေါ့။ (ဆိုလိုချင်တာက အမြတ်ကို အရင်ပေးပြီး မက်လုံးပေးတယ်ပေါ့။) ဒီလိုနဲ့ လောဘသားတွေ လူလိမ်ကို ယုံမိပြီ။ ဒီအချိန်ကျမှ လူလိမ်က "ကျွန်တော့် မစင်လေးလည်း စားကြည့်ပါဦး။ ချိုတယ် ခင်ဗျ" လုပ်တော့တာ။ သကြားတုန်းကလည်း ချိုတာပဲ၊ မစင်လည်း ချိုမှာပဲဆိုပြီး စားတဲ့သူတွေ အတွက်တော့ ရင်လေးမိပါတယ်။ လူလိမ်တွေက အလိမ်တွေကို အမှန်တရားလေး နည်းနည်းအုပ်ပြီး လိမ်စားနေကြတာ ခင်ဗျ။
ကိုယ် ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေကို ရင်းနှီးမြှုပ်နှံတဲ့အခါ အလိမ်မဟုတ်တာ ၁၀၀% သေချာမှ ငွေထည့်သင့်တာပါ။ သို့လော သို့လော သံသယနည်းနည်း ရှိနေရင်တောင် ငွေမထည့်သင့်တော့ပါဘူး။ အထူးသဖြင့် လိုင်းပေါ်ကနေ ငွေထည့်ခိုင်းတဲ့လူတွေကို မယုံသင့်ပါဘူး။
ခုတော့ ဒစ်ဂျစ်တယ် ငွေကြေးတွေ ကွိုင်တွေကို တရားမဝင်ကြောင်း ဗဟိုဘဏ် ကြေညာလိုက်တာကို ကျွန်တော်ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ လောဘစိတ်နဲ့ ကွိုင်နောက်လိုက်ရင်း ငွေတွေ ဆုံးရှုံးသွားခဲ့ရတဲ့လူတွေ ကမ္ဘာအနှံ့မှာ တော်တော်များခဲ့ပြီကိုး။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
လျှို့ဝှက် ငွေကြေး Cryptocurrency
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး အကြောင်း ကိုပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ခြေဆင်းပျိုးထားတာပါ။
ဘိုးတော် ပိုးစုန်းကြူး https://facebook.com/fireflypsk/posts/133621664642784
လျှို့ဝှက် ငွေကြေး အကြောင်းသိကောင်းစရာ ဗဟုသုတ အသေးစိတ်ကိုတော့ နောက်မှပဲ ရေးပါဦးမယ်။ ခုတော့ အဓိက အလိမ်မခံရအောင် အရင်ရေးချင်တာပါ။
ဘစ်ကွိုင် Bitcoin၊ လိုက်ကွိုင် Litecoin၊ အီသာရီရမ် Ethereum၊ ရစ်ပယ် Ripple စသဖြင့် လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး Cryptocurrency တွေ မှာ ရင်းနှီးမြှုပ်နှံဖို့ ပြောလာရင် ငွေလုံးဝ မထည့်မိပါစေနဲ့ ခင်ဗျာ။ ရဲရဲသာ ငြင်းလိုက်ပါ။
မြန်မာနိုင်ငံမှာ ဒီလိုလုပ်ပေးတဲ့သူတွေဟာ လိမ်တာတွေ များပါတယ်။ Cryptocurrency, Bitcoin, Litecoin, Ethereum, Ripple စသဖြင့် လူနားမလည်တာတွေ ပြောပြီး "အဲဒါကျွမ်းပါတယ်၊ ငွေနှစ်ဆမြတ်ပါမယ်" ဘာညာနဲ့ ရွှီးပြီး တစ်ကယ်လည်း ရင်းနှီးမြှုပ်နှံပေးတာ မဟုတ်ပဲ ငွေလိမ်ပြေးတာမျိုးတွေပါ။ ဥပမာ ပေးရရင် ဘိုးတော်ပိုးစုန်းကြူးရဲ ့ ဓာတ်လုံးတွေဝယ်ဖို့ ငွေထည့်ကြပါဆိုပြီး ငွေတွေ လျှောက်ကောက်ပြီး ငွေရတဲ့ အခါ ဓာတ်လုံးတောင် မဝယ်ပဲ ငွေလစ်ပြေးတာမျိုးပါ။
"မလိမ်ပါဘူး၊ စိတ်ချရတယ်၊ လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး မှာ တစ်ကယ် ရင်းနှီးမြှုပ်နှံပေးမှာပါ" ဆိုလည်း ငွေမထည့်ပါနဲ့ ခင်ဗျာ။ ဘာလို့လဲဆိုတော့ လက်ရှိ ဝယ်ရောင်းလုပ်နေကြတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ဘိုးတော် ဓာတ်လုံးတွေလိုပဲ တန်ဖိုးရှိ သယောင်ယောင်နဲ့ နှစ်ပြား မတန်တာတွေမို့ပါ။
လျှို့ဝှက် ငွေကြေး ဆက်စပ် သွယ်မှတ် စနစ် Blockchain နည်းပညာဟာ အဖိုးတန်ပါတယ်။ အဲဒီနည်းပညာဟာ အွန်လိုင်း ငွေကြေးပေးချေမှုတွေကို လုံခြုံစိတ်ချရအောင် လုပ်ပေးနိုင်တာမို့ အကျိုးရှိ တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ နည်းပညာ တန်ဖိုးရှိတိုင်း ဒစ်ဂျစ်တယ် အကြွေစေ့တွေက တန်ဖိုးရှိလှတာတော့ မဟုတ်ပါဘူး။ ဥပမာ ပေးရရင် ကျားဘန်း ပရုတ်ဆီ ထုတ်လုပ်တဲ့ ဖော်မြူလာ နည်းပညာဟာ အဖိုးတန်ပါတယ်။ ဒေါ်လာ ကုဋေပေါင်းများစွာ တန်ပါတယ်။ ဒါပေမဲ့ ကျားဘန်းပရုတ်ဆီ တစ်ဘူးက ဘယ်လောက်မှ မတန်ပါဘူး။ ဒီနှစ်ခုကို ရောထွေးပြီး ပရုတ်ဆီဘူးကို ဒေါ်လာထောင်သောင်းချီပေးပြီးဝယ်ချင်နေရင် အဲဒါ ငပိန်းပဲပေါ့။
နောက်ပိုင်းမှာ နိုင်ငံတစ်ကာ ငွေပေးချေရာမှာသုံးဖို့ ဒေါ်လာ အစားထိုး ဒစ်ဂျစ်တယ် ငွေကြေးတွေ ပေါ်လာတော့မှာပါ။ အဲဒီ ငွေကြေးတွေရဲ ့နောက်မှာ အပေါင်တင်ထားတဲ့ တစ်ကယ့် ငွေတွေ၊ စာချုပ်တွေ၊ အဖိုးတန် ပစ္စည်းတွေ အာမခံ ရှိနေရပါမယ်။ ဒါမှပဲ အဲဒီ ဒစ်ဂျစ်တယ် ငွေကြေးရဲ ့ တန်ဖိုး အတက်အကျ မကြမ်းပဲ တည်ငြိမ်မှာပါ။ ခုလက်ရှိ ဒစ်ဂျစ်တယ် ကွိုင် အကြွေစေ့တွေကတော့ ဘိုးတော် ဓာတ်လုံးတွေပါ။ ဘိုးတော် ပိုးစုန်းကြူးက ထုတ်တဲ့ ဓာတ်လုံး၊ ဘိုးတော် မျောက်ကြီးကထုတ်တဲ့ ဓာတ်လုံး၊ ဘိုးတော် ဆင်ကြီးကထုတ်တဲ့ ဓာတ်လုံး စတဲ့ အလိမ် ဓာတ်လုံးတွေလိုပဲ ဒစ်ဂျစ်တယ် ငွေကြေးတွေ မှိုလိုပေါက်နေပါတယ်။
နိုင်ငံခြားမှာ ဘစ်ကွိုင်ကို ရင်းနှီးမြှုပ်နှံပြီး တစ်ကယ်ချမ်းသာသွားတဲ့သူတွေ ရှိတယ်လို့ စောဒက တက်ချင်သူတွေလည်း ရှိမှာပါ။ ဟုတ်ကဲ့ ရှိပါတယ်။ သူတို့တွေဟာ ဘိုးတော် ဓာတ်လုံးကို သိန်း ၂၀ နဲ့ ဝယ်ပြီး သိန်း ၈၀၀ နဲ့ ပြန်ရောင်းလိုက်တဲ့ သူတွေနဲ့ အတူတူပါပဲ။ အဆ ၄၀ မြတ်ပါတယ်။ ဒါပေမဲ့ သူတို့မြတ်တာ မသမာသူတွေ ဈေးကစားတာကို မျှောလိုက်ပြီး မြတ်တာပါ။ သူများတွေရဲ ့ငွေတွေ ဘဝတွေကို စတေးပြီး မြတ်တာပါ။ ကိုယ့်ထက် ပိုပိန်းတဲ့သူတွေကို နှပ်ချပြီး မြတ်တာပါ။ သူတို့ကသာ အဆ ၄၀ မြတ်လို့ ပျော်နေတာ၊ ဟိုမှာ သိန်း ၈၀၀ နဲ့ ဝယ်ထားတဲ့ ဓာတ်လုံးကို ဝယ်မဲ့ သူဌေးပေါ်မလာလို့ ပိုက်ဘောမိပြီး တစ်ငိုငို တစ်ရယ်ရယ် ဖြစ်နေပြီ။ ပဋာမြေလူး ရူးတော့မယ်။
ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ အရေအတွက် အကန့်အသက်ရှိလို့ နောက်ပိုင်း ဈေးတက်ဦးမှာဆိုပဲ။ ဘိုးတော် ဓာတ်လုံးလည်း ၉၉၉ လုံး ကန့်သတ် ထားတာလေ။
ကိုယ့်ကိုယ်ကို လည်လှပြီထင်လို့ ဒစ်ဂျစ်တယ် ငွေကြေးမှာ ငွေထည့်မယ်၊ မြတ်ရင် ရပ်မယ်ဆိုတဲ့ သူတွေကို ပြောချင်တာက နယူတန်တောင် ခံလိုက်ရတယ် ဆိုတာပါပဲ။ လည်လွန်းတဲ့ဘီး ချေးသင့်တတ်ပါတယ်။
အလိမ်ခံရတဲ့ နယူတန် https://www.facebook.com/fireflypsk/posts/133346308003653
ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ ့ ခေါင်းဆောင်ကြီး ဘစ်ကွိုင်ဟာ မသမာ ဈေးကစားသူတွေရဲ ့လက်ချက်နဲ့ရော လောဘတက်နေတဲ့ လူတွေကြောင့်ပါ ဈေးက အတက်ကြမ်းအကျကြမ်းနေပါတယ်။
၂၀၁ရ နှစ်စ မှာ တစ်ခုကို ဒေါ်လာတစ်ထောင်တောင် မတန်ခဲ့တဲ့ ဘစ်ကွိုင် Bitcoin ဟာ ၂၀၁ရ နှစ်ကုန်ပိုင်း တစ်နှစ်အတွင်းမှာ ဒေါ်လာ နှစ်သောင်းနီးပါးထိ ဈေးတက်ခဲ့ပါတယ်။ (၂၀၀၉ ခုနှစ် စ ပေါ်တုန်းက ပြားဂဏန်းပဲ တန်ပါတယ်။) အဲဒီကနေ ပူဖောင်းပေါက်ပြီး ၂၀၁၈ အကုန်မှာ ဒေါ်လာ သုံးထောင်ကျော်ထိ ထိုးကျသွားရာကနေ ခုဆို ဒေါ်လာ ရှစ်ထောင်ဈေးလောက် ပြန်ပေါက်နေပါတယ်။ နောက်ကွယ်က လက်မည်းကြီးတွေ ရှိုနေပါတယ်။ အဲဒါကို သွားစမ်းမိတဲ့သူတွေ ခံရမှာ မြင်ယောင်ပါသေးတယ်။ မလုပ်ကြပါနဲ့။
ဒီလိုပြောတတ်လွန်းလို့ အချို ့ကလည်း ကျွန်တော့်ကို အပြုသဘောမမြင်ပဲ အပျက်သဘောပဲမြင်တဲ့ အဆိုးမြင်ဝါဒီသမားလို့ ဝေဖန်ကြပါတယ်။ ကျွန်တော်က တစ်ဖက်သတ်ကြီး အဆိုးမြင်တာမဟုတ်ပဲ နှစ်ဖက်လုံးကို ခြုံငုံ ကြည့်လိုက်တော့ အကောင်းတွေထက် အဆိုးတွေ ပိုများနေတာတွေ ့တဲ့အခါ ဝေဖန်ထောက်ပြတာပါ။ ကောင်းရင် ကောင်းတယ်လို့ ပြောမှာပါ။
ဪ မေ့နေလိုက်တာ။ ဘိုးတော် ပိုးစုန်းကြူး ကိစ္စ။ ဒီလိုနဲ့ နိုင်ငံခြားက သူဌေးက သုံးလလည်း ပေါ်မလာ၊ လေးလလည်း ပေါ်မလာဆိုတော့ ဝယ်ထားတဲ့သူတွေ စိုးရိမ်ပြီး ဘိုးတော်ဆီသွားကြပါတယ်။
ဝိုင်းရိုက်မလို့ လို့ထင်လို့လား။ မဟုတ်ဘူးဗျ။ အဟဲ။
အလိမ်ခံရတဲ့လူတွေခမြာ ခုချိန်ထိ ဘိုးတော်နဲ့ သူဌေးတွေ ပူးပေါင်းပြီး ကြံကြတယ်ဆိုတာ မရိပ်မိသေးဘူး။ ဘိုးတော်က ဓာတ်လုံးတွ အလကားပေးထားတာလေ။ ကြည်ညိုနေဆဲပေါ့။ "ဘိုးတော်ပိုးစုန်းကြူး" စာအောက်မှာ မှတ်ချက်လာရေးတဲ့ သူတွေလို ဗဟုသုတ မကြွယ်ကြဘူးလေ။
ဘိုးတော်ကို အပူကပ်တယ်။ ဘယ်လို လုပ်ရမလဲ ပေါ့။ ကူပါ ကယ်ပါ ပေါ့။ ဘိုးတော်က ဒီကိစ္စကို ရှန်ဂရီလာမှာ အထက်ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဖို့ သွားရမယ်ဆိုပြီး ခရီးစရိတ် အလှူထပ်ခံပါသတဲ့။ သိန်း ၈၀၀ တောင်ရင်းထားပြီးပြီ။ နောက်ထပ် ၁၀ သိန်းလောက်ထပ်လှူရတာ ဘာ အရေးလဲပေါ့ ဆိုပြီး ထပ်လှုကြပြန်ရော။ ဘိုးတော်က နိုင်ငံခြားက ကြယ် ၅ ပွင့် ရှန်ဂရီလာ ဟော်တယ်မှာ နှပ်ပြီလေ။
ဘိုးတော်နဲ့ အပေါင်းအပါတွေ ရှန်ဂရီလာက အပြန်ကို ပြည်သူတွေ မျှော်ပေမဲ့ ပေါ်မလာ။ နောက်တော့ ရွှေထူးရဲ ့"ပြန်မလာတာ လမ်းမသိလို့" ဆိုတဲ့ သီချင်းပေါ်လာရော။ ဘိုးတော် အဆင်ပြေပါစေလို့ ခုချိန်ထိ ဆုတောင်းပေးနေကြတဲ့သူတွေကလည်း ဒုနဲ့ဒေး။
နောက် သုံးလကျော် အကြာမှာတော့ မြန်မာနိုင်ငံ အနှံ့မှာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံရောက်လာတဲ့သူတွေ များလာသတဲ့။ စုံစမ်းကြည့်တော့ ၉၉ ရက်ကြာ ၉ ပါး သီလ စောင့်ပြီး ဓာတ်လုံး စွမ်းမစွမ်းကို စမ်းကြည့်ကြတာဆိုပဲ။ တိန်။ အေးပါကွာ။ ယုံရက်လိုက်ကြတာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
ရင်းမြှုပ်မလား ဈေးကစားမလား
ရင်းနှီးမြှုပ်နှံတာနဲ့ ဈေးကစားဝယ်ရောင်းလုပ်တာ နှစ်ခု မတူကွဲပြားပုံကို ရှင်းပြပါရစေ။
ရင်းနှီးမြှုပ်နှံတာကို "ရင်းမြှုပ်"၊ ဈေးကစား ဝယ်ရောင်းလုပ်တာကို "ဈေးကစား" လို့ အတိုကောက်သုံးထားပါတယ်။
(၁) ရင်းမြှုပ်တဲ့အခါ ငွေကို ရေရှည် ထည့်မြှုပ်ထားပြီး ရေရှည် အကျိုးအမြတ်ကို ကြည့်ပါတယ်။ ဈေးကစားတဲ့အခါ ရေတိုအကျိုးအမြတ်ကို ကြည့်ပါတယ်။
(၂) ရင်းမြှုပ်တဲ့အခါ အရှုံးအမြတ် မကြမ်းပါဘူး။ ပုံမှန်ပဲ သွားပါတယ်။ ငွေဆုံးရှုံးနိုင်ခြေ နည်းပါတယ်။ ပျင်းစရာကောင်းပါတယ်။ ဈေးကစားတဲ့ အခါ အရှုံးအမြတ်ကြမ်းပြီး ရင်ခုန်ရင်တုန်ဖို့ ကောင်းပါတယ်။ ငွေဆုံးရှုံးနိုင်ခြေ များပါတယ်။
ပျင်းလိုက်တာ www.facebook.com/fireflypsk/posts/279321786739437/
(၃) ရင်းမြှုပ်တဲ့အခါ အများအားဖြင့် ကိုယ့်ငွေနဲ့ကိုယ် ရင်းမြှုပ်ကြပါတယ်။ ဈေးကစားတဲ့အခါ အများအားဖြင့် ကိုယ့်ငွေနဲ့ရော ငွေချေးပြီးပါ ကစားကြပါတယ်။
(၄) ရင်းမြှုပ်တဲ့သူတွေဟာ ငွေမထည့်ခင် သတိရှိရှိနဲ့ အချက်အလက်တွေကို သေချာ စူးစမ်းလေ့လာပြီးမှ ဆုံးဖြတ်ချက် ချတတ်ပါတယ်။ ဈေးကစားသူတွေကတော့ ချဲတွက်နည်းဆန်ဆန် ဖော်မြူလာတွေ သုံးတတ်တာတွေရှိသလို စိတ်ခံစားမှု၊ လောဘနဲ့ စိတ်ထင်ရာတွေကို ဦးစားပေးပြီး မဆင်မခြင် ငွေထည့်တတ်တာတွေ ရှိပါတယ်။
(၅) ရင်းမြှုပ်တဲ့အခါ ဈေးကွက်အခြေအနေကြောင့် ယာယီအရှုံးပေါ်နေတာကို မမှုပဲ ငွေကို ဆက်ထည့်ထားနိုင်ပါတယ်။ သေချာနားလည်တွက်ချက်ထားပြီးပြီဖြစ်လို့ ရေရှည်မှာ မြတ်မယ်ဆိုတာကို ယုံကြည်မှုရှိသလို ရှုံးနေတဲ့အချိန် ထုတ်ရောင်းရလောက်အောင် ငွေမလိုပြန်ပါဘူး။ ဈေးကစားတဲ့သူတွေကတော့ ကြာရှည်တောင့်မခံနိုင်ပါဘူး။ ရှုံးနေတဲ့အခါ ရေရှည်ငွေမြုပ်နေတာမျိုးကို လက်မခံနိုင်တာမို့ အရှုံးခံ ရောင်းထုတ်ရတတ်ပါတယ်။
(၆) ရင်းမြှုပ်တဲ့အခါ ဝယ်တဲ့ဈေးဟာ ပကတိ တန်ဖိုးထက် နည်းနေတတ်ပါတယ်။ ဝယ်လိုက်ကတည်းက အမြတ်ထွက်နေပါပြီ။ ဈေးကစားတဲ့အခါ ဝယ်ဈေးဟာ ပကတိ တန်ဖိုးထက် များနေလည်း နောက်လည်း ဈေးတက်ဦးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ဈေးကစားပြီး ဝယ်ပါတယ်။
(၇) ပကတိတန်ဖိုးဟာ ပေါက်ဈေးနဲ့ မတူပြန်ပါဘူး။ (တူတဲ့အခါလည်း တူပါတယ်။) ဝယ်လိုအားနဲ့ ရောင်းလိုအား အခြေအနေတွေကြောင့် အချို့အချိန်တွေမှာ ပေါက်ဈေးဟာ ပကတိတန်ဖိုးထက်များနေတတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ရင်းမြှုပ်တဲ့သူတွေ လက်ရှောင်တတ်ပြီး ဈေးကစားတဲ့သူတွေ ကြိုက်ကြပါတယ်။ အချို့အချိန်တွေမှာ ပေါက်ဈေးဟာ ပကတိတန်ဖိုးအောက် နည်းနေတတ်ပါတယ်။ ဈေးအကျပိုင်းပေါ့။ အဲဒီအချိန်မျိုးမှာ ရင်းမြှုပ်တွေ ဝယ်တတ်ကြပါတယ်။ (ပစ္စည်းတစ်ခု၊ စတော့ရှယ်ယာလက်မှတ် တစ်စောင်၊ ခြံတစ်ကွက်၊ စပါး၊ ပဲ စတာတွေရဲ့ ပကတိတန်ဖိုးကို သိအောင်လေ့လာတတ်တာ ရင်းမြှုပ်တွေရဲ့ ပညာပါပဲ။)
ငပိန်းဖမ်း သီအိုရီ https://www.facebook.com/fireflypsk/posts/140133673991583
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
မိုနိုပိုလီ သင်ခန်းစာ
မိုနိုပိုလီ ကစားနည်းကို ငယ်ငယ်က ကစားဖူးကြမယ် ထင်ပါတယ်။ ဝေပုံရတဲ့ ငွေတွေနဲ့ အံစာတုံးကျရာမှာ ခြံတွေဝယ်၊ အိမ်တွေ ဟိုတယ်တွေ ဆောက်။ ကိုယ် ပိုင်ဆိုင်ထားတဲ့ နေရာကို လူတွေရောက်လာရင် တည်းခိုခ ငွေတွေရလို့ ပျော်စရာ ကောင်းပါတယ်။ ကံမကောင်း အကြောင်းမလှတဲ့အခါ ငွေကုန်ပေါက်တွေနဲ့ ဆက်တိုက်တိုးလို့ ရှုံးနေရင်တော့ စိတ်ညစ်ဖို့ ကောင်းသပေါ့။
အဲဒီ ကစားနည်းထဲက သင်ခန်းစာလေးတစ်ခုကို ဆွဲထုတ်ပြချင်ပါတယ်။
ကစားသူ အချို့က အန်စာတုံး ကျရာနေရာမှာ ရတဲ့ အခွင့်အရေးမှန်သမျှကို အသုံးချပြီး မျက်စိစုံမှိတ် ခြံတွေဝယ်၊ အိမ်တွေဆောက်၊ ဟိုတယ်တွေ ဆောက်ပါတယ်။ လက်ထဲမှာ ငွေမချန်ပဲ အကုန်လုံးကို ရင်းနှီး မြှုပ်နှံလိုက်တာပေါ့။
သူတို့ရဲ့ အတွေးက ငွေကိုင်ထားရင် အကျိုးအမြတ်မရှိပဲ ဝပ်နေတယ်။ အိမ်ခြံမြေ ဟိုတယ်တွေဝယ်ထားလို့ လာတည်းတဲ့ သူတွေရှိရင် ငွေပြန်ဝင်မှာပဲလို့ တွေးပါတယ်။
ကံကောင်း ထောက်မတဲ့ အခါ လာတည်းတဲ့သူတွေဆီက ငွေတွေ ဝင်ပါတယ်။ ငွေရွှင်ပါတယ်။
ကံမကောင်းတဲ့ အခါ ကိုယ့်ဆီလာတည်းတဲ့သူ မရှိလို့ ငွေက မဝင်။ လက်ထဲမှာ ငွေမရှိတဲ့အချိန် ထောင်ကျပြီး ဒဏ်ငွေဆောင်ရတာနဲ့ တိုးပါတယ်။ အခွန်ပေးရမယ့် အချိန်နဲ့ တိုးပါတယ်။ သူများ ဟိုတယ် မှာ သွားတည်းမိလို့ ငွေပေးရမယ့် အချိန်နဲ့တိုးပါတယ်။ ငွေကုန်ပေါက် အမျိုးမျိုးနဲ့ တွေ့ပါတယ်။
အဲဒီ အချိန်တွေမှာ လက်ထဲမှာ ငွေပို မရှိတဲ့သူတွေ ဒုက္ခရောက်ရပါတယ်။ ရှိတဲ့ အိမ်ခြံမြေဟိုတယ်တွေကို လျှော့ဈေးနဲ့ ရောင်းပြီး ပေးစရာရှိတာတွေ ပေးရပါတော့တယ်။ ဗိုက်နာဈေးနဲ့ ရောင်းတာဆိုတော့ အရှုံးပေါ်ပါတယ်။
ဒါ့အပြင် လက်ထဲ ငွေမရှိတော့ ဈေးပေါပေါနဲ့ ရနိုင်တဲ့ လေလံ မြေကွက်တွေကို မဝယ်နိုင်ပဲ အခွင့်အရေးတွေကို လက်လွှတ်ရတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
အပြင်လောကမှာလည်း ဒီလိုတွေ ဖြစ်တတ်ပါတယ် ခင်ဗျ။ အချို့လူတွေဟာ လက်ထဲမှာ ငွေမထားပဲ ငွေတွေအားလုံးကို အိမ်ခြံမြေ နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေထဲမှာ ထည့်ထားတတ်ကြပါတယ်။ ငွေတွေ မြုပ်နေတယ်ပေါ့။
ငွေတွေအများကြီး လက်ထဲမှာ ကိုင်ထားမိရင် ငွေကြေးဖောင်းပွမှုကြောင့် ရှုံးတတ်တာမှန်ပေမဲ့ ငွေကို လက်ထဲမှာ လုံးဝမထားရင်လည်း ကံမကောင်း အကြောင်းမလှတဲ့ တစ်ချိန်မှာ သောကရောက်ရတတ်ပါတယ်။ ဥပမာ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရပြီး ကျန်းမာရေး အာမခံလည်း မလုပ်ထားတော့ ငွေလိုတာမျိုး၊ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ငွေလိုတာမျိုး၊ ရုတ်တရက် အလုပ်ပြုတ်သွားလို့ နောက်အလုပ် ရှာနေတုန်းမှာ စားသောက်ဖို့ ငွေလိုတာမျိုး၊ အစိုးရက အခွန်တွေ သေချာကြပ်မတ်ပြီး ကောက်လို့ ငွေလိုတာမျိုး စသဖြင့် မမျှော်လင့်ထားတဲ့ အကြောင်းတစ်ခုခုကြောင့် ငွေလိုတာမျိုးတွေပါ။
အဲဒီ အခါမျိုးမှာ သောကရောက်ရပါပြီ။ စီးပွားရေးလုပ်ငန်းတွေထဲ ထည့်ထားတဲ့ ငွေတွေက ပြန်ထုတ်လို့မရ။ အိမ်ခြံမြေတွေကလည်း ချက်ချင်းရောင်းမထွက်နဲ့ ဘေးကြပ်နံကြပ် ဖြစ်တတ်ပါတယ်။ ဗိုက်နာ ဈေးနဲ့ ရောင်းတော့လည်း အရှုံးများတတ်ပြီး ဘေးက ငွေချေးတော့လည်း အတိုးများတတ်ပါတယ်။
ဒါ့ကြောင့် ငွေကိုင်ထားဖို့ လိုအပ်ပါတယ်။ အရေးပေါ် ရန်ပုံငွေအနေနဲ့ အသုံးစရိတ်ရဲ့ ၃ လစာ ကနေ ၆ လစာလောက် ငွေသား ကိုင်ထားသင့်ပါတယ်။
အရေးပေါ် ရန်ပုံငွေဟာ စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။ ဝင်ငွေ ရပေါက်ရလမ်းတွေ နှောင့်နှေးနေတဲ့အခါမျိုးတွေမှာ ငွေပိုဆောင်ထားတာ မရှိရင် အလုပ်သမားခ၊ မီတာခ၊ အခွန်အခ၊ စက်ပြင်ခ စသဖြင့် ကုန်ကျစရိတ်တွေကို ပေးဖို့တောင် အခက်အခဲ ရှိတတ်ပါတယ်။ မကြာခဏ ဦးနှောက်ခြောက်ရတတ်ပါတယ်။
အချို့စီးပွားရေးလုပ်ငန်းတွေက တစ်နှစ်လုံး ငွေမြုပ်နေပြီး တစ်နှစ်ကြာမှ အရင်းရော အမြတ်ရောပြန်ရတာမျိုး ရှိတတ်ပါတယ်။ ဒါမျိုးဆိုရင် တစ်နှစ်စာ ကုန်ကျစရိတ်ငွေ လက်ထဲ ရှိထားဖို့ လိုပါတယ်။
အချို့စီးပွားရေး လုပ်ငန်းတွေကတော့ အကြွေးနဲ့ ရောင်းထားတာတွေရှိလို့ ငွေမလည်ပဲ ကုန်ပစ္စည်းအသစ်ဝယ်ဖို့တောင် ငွေမရှိလို့ အခက်ကြုံရတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမျိုးတွေအတွက်လည်း လုပ်ငန်း ဆက်လက်လည်ပတ်နိုင်အောင် ငွေပို ရှိနေဖို့ လိုပါတယ်။
ရုတ်တရက် ငွေလိုလာမှ စီးပွားရေးလုပ်ငန်းကို ရပ်လိုက်ရတာမျိုး၊ အတိုးကြီးပေးပြီး ငွေချေးရတာမျိုး၊ ရှိတဲ့ ပစ္စည်းဥစ္စာတွေကို ဗိုက်နာဈေးနဲ့ ထိုးရောင်းရတာမျိုး မဖြစ်ရအောင် သေချာ တွက်ချက်ပြင်ဆင်ထားရမှာပါ။ မတွက်ချက်ပဲ နောင်ခါလာ နောင်ခါဈေး လျှောက်လုပ်ရင် ငွေကြပ်တည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ငွေပိုရှိရင် ဈေးကွက်ထဲမှာ ဗိုက်နာဈေးနဲ့ပေါ်လာတဲ့ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်း စတဲ့ အခွင့်အရေးတွေကို လက်မလွှတ်ပဲ မိမိရရ ဖမ်းဆုပ်ထားနိုင်ပါသေးတယ်။
ချွေတာပါ။ ငွေကို စုပါ။ အရေးပေါ် ရန်ပုံငွေကို ဆောင်ထားပါ။
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ https://www.facebook.com/fireflypsk/posts/120329299305354
မိုနိုပိုလီ ကစားနည်းကနေ ယူလို့ရတဲ့ အခြားသင်ခန်းစာတွေ အများကြီးရှိပါတယ်။ နောက်မှ ရေးပါဦးမယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...